
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာကို စစ်တပ်က မတ် ၃၀ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ လူနာ အမျိုးသမီး ၃ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ငပယင်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဆေးရုံကို တည့်တည့် ကြဲချသွားတာ။ လူနာအမျိုးသမီး ၃ ဦး သေဆုံးတယ်။ ကျန်တဲ့ လူနာ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရတယ်။ ကယ်ဆယ်ရေးတွေတော့ လုပ်နေတယ်။ ဒါပေမဲ့ လေယာဉ်တွေ အဆက်မပြတ် တက်နေတယ်လို့ စက်တွေက အော်နေတော့ ကယ်ဆယ်ရေးကို ကောင်းကောင်းမလုပ်နိုင်သေးဘူး” လို့ ပြောပါတယ်။
ငပယင်းရွာဟာ စစ်တပ်စိုးမိုးထားတဲ့ ဘုတလင်မြို့ရဲ့ မြောက်ဘက်အနီးမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် ပအဖအဖွဲ့ဝင် တာဝန်ရှိသူတယောက်က “တံတားဦးတက် ဂျက်ဖိုက်တာနဲ့ မိတ္ထီလာတက် ဂျက်ဖိုက်တာ ၂ စီး ပေါင်းပြီး ကြဲချသွားတာ။ လူနာအသေအပျောက်ရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ အကြောင်းမဲ့ လာကြဲချသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း ဘုတလင်မြို့အနီး ကနီမြို့နယ်အတွင်းက ဆူးလကုန်းကျေးရွာကို လေယာဉ်နဲ့ ဗုံးသီးအများအပြား ကြဲချခဲ့တာကြောင့် ဘုန်းတော်ကြီး ၂ ပါးနဲ့ အရပ်သားတယောက် သေဆုံးခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အရပ်သားပြည်သူ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ရှိခဲ့ပါတယ်။








