DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ် ၉၂ ဦးအပါအဝင် အန်အယ်လ်ဒီပါတီဝင် ၆၄၅ ဦး ဖမ်းဆီးခံထားရ
DVB
·
March 18, 2022
လွှတ်တော်အမတ် ၉၂ ဦးအပါအဝင် အန်အယ်လ်ဒီပါတီဝင် ၆၄၅ ဦး ဖမ်းဆီးခံထားရ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းခေါင်းဆောင်တွေအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်ယ်လ်ဒီ) ပါတီဝင်   ၆၄၅ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ ဖမ်းဆီးခံရစဉ်  ၁၆ ဦး ကွယ်လွန်သွားခဲ့ရတယ်လို့ အန်အယ်လ်ဒီက  ဒီကနေ့ မတ်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အန်အယ်လ်ဒီရဲ့ မှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့ကနေ အခု မတ်လ ၁၄ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံရသူ ၁၃၀၀၀ လောက်ရှိတဲ့အနက်၊ အန်အယ်လ်ဒီပါတီဝင် ၈၃၂ ဦးပါရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၇၁ ဦး ရှိတဲ့အတွက် လက်ရှိ ပါတီဝင် ၆၄၅ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ဆိုပါတယ်။ 

ဖမ်းဆီးခံရသူသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ပြီး ပြန်လွတ်လာသူ ၁၄ ဦး ရှိတဲ့အတွက် ကျန် ၉၂ ဦးမှာ  ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ 

မတရားဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း စစ်ကြောရေးကာလ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ကွယ်လွန်ခဲ့ရတယ်လို့ အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်ရုံးအပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီရုံးတွေကို စုစုပေါင်း ၉၈ ကြိမ် ကျူးကျော်ဝင်ရောက် အကြမ်းဖက်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သလို လွှတ်တော်အမတ် ၉၃ ဦး စုစုပေါင်း ပါတီဝင် ၁၅၅ ဦးရဲ့  နေအိမ်တွေနဲ့ တခြားပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပါတီဝင် မဟုတ်တဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေ ချိတ်ပိတ်ခံရမှု ၁၁၅ ကြိမ်ရှိပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အဓမ္မဖမ်းဆီး၊ လူမဆန်စွာ ရက်ရက်စက်စက်ဖိနှိပ်အ ကြမ်းဖက်ခဲ့လို့ နိုင်ငံတဝန်း သေဆုံးသူပေါင်း ၂၁၂၃ ဦးရှိသွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါဟာနိုင်ငံတဝန်း လူ့အခွင့် အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ မှတ်တမ်းကောက်ယူရေးအဖွဲ့က ကောက်ယူရရှိထားတဲ့ စာရင်းသားဖြစ်ပြီး  ပကတိ မြေပြင်မှာ ဒိထက်ပိုများနိုင်ဖွယ်ရှိနေပါတယ်။ 

စစ်ကောင်စီရဲ့ တရားလက်လွတ်ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့လည်း ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးမခံရသူတွေဟာလည်း   တိုင်းရင်းသားဒေသတွေ၊ လွတ်မြောက်နယ်မြေတွေနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေကြရပြီး NUG နဲ့ CRPH အဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်နေကြသူတွေလည်း ရှိပါတယ်။ 

Photo- NLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013