DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဘတ်ဂျက်အသုံးစရိတ် ပြည်သူကိုချမပြဘဲ နိုင်ငံ့ဘဏ္ဍာငွေများကို စိတ်ကြိုက်သုံးစွဲ
DVB
·
March 18, 2022
စစ်ကောင်စီက ဘတ်ဂျက်အသုံးစရိတ် ပြည်သူကိုချမပြဘဲ နိုင်ငံ့ဘဏ္ဍာငွေများကို စိတ်ကြိုက်သုံးစွဲ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ စစ်အသုံးစရိတ်အပါအဝင် နိုင်ငံတော်ဘတ်ဂျက်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲ ပြည်ထောင်စုရဲ့ ဘတ်ဂျက်ဥပဒေတရပ်ကို စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး မတ်လ ၁၇ ရက်နေ့က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာကျင်းပကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ တရပ်ကို ပြဋ္ဌာန်းဖို့ ဆွေးနွေးခဲ့တယ်လို့သာ စစ်ကောင်စီကသတင်းထုတ်ပြန်ပြီး ဘတ်ဂျက်အသုံးစရိတ် ပမာဏကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ခဲ့တာ မရှိပါဘူး။

အရင်အရပ်သားအစိုးရလက်ထက်မှာတော့ နိုင်ငံတော်ရဲ့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ပွင့်လင်းမြင်သာစွာ ငြင်းခုံဆွေးနွေး ပြည်သူလူထုကို ချပြပြီးမှ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ တရပ်ကိုနှစ်စဉ် ပြဋ္ဌာန်းလေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီခေါင်းဆောင် ဦးဆောင်ပြီး စိတ်ကြိုက်ရေးဆွဲမယ့် ဘတ်ဂျက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ သွေဖယ်မှု ရှိနေတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ 

စီးပွားရေးသုတေသီတဦးက “ပုံမှန်အားဖြင့်ဆိုရင် Budget law တွေ ဘာတွေ လုပ်ရတယ်။ ဥပဒေတွေ ဘာတွေ ရေးဆွဲရတယ်ပေါ့နော်။ ဆိုတော့ ဘတ်ဂျက် ရေးဆွဲတဲ့အခါမှာ ဥပဒေအပေါ်မှာ အခြေခံရတယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ မူဝါဒ အပေါ်မှာ အခြေခံရတယ်။ အဲ့လို ဖြစ်တော့ ဥပဒေဆိုတဲ့နေရာမှာ သူက(စကစခေါင်းဆောင်) ဒီအစည်းအဝေးမတိုင်ခင်မှာ ပထမရက်မှာ စီမံကိန်းရေးဆွဲရေးကော်မတီဆိုပြီး အစည်းအဝေးလုပ်တယ်။ အဲ့တော့ သူက စီမံကိန်းတွေ အရင်ချတယ်။ ပြီးတော့ ဒီစီမံကိန်းပေါ် အခြေခံပြီးတော့ ဘတ်ဂျက် လုပ်တာပေါ့ဗျာ။ နောက်တခုက နိုင်ငံတော်မူဝါဒပေါ်လစီ ဆိုတဲ့နေရာမှာ သူတို့ ပြောနေတဲ့ ဦးတည်ချက် ၉ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စသဖြင့်ပေါ့နော်။ ဒါတွေကတော့ သူတို့ရဲ့ ပေါ်လစီတွေပေါ့။ ဒီဟာ တွေအပေါ်မှာ ဘတ်ဂျက်ဆွဲတာပေါ့။ ဒါပေမဲ့ ကျနော်တို့က အခုအချိန်မှာ ဒီဘတ်ဂျက်ကြီး တခုလုံးကို မမြင်ရသေးဘူးနော်။ အဲ့တော့ ဒီဘတ်ဂျက်အပေါ်မှာ ဘယ်ဝန်ကြီးဌာနတွေကတော့ ရာခိုင်နှုန်းဘယ်လောက်သုံးမယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ အရေးကြီးဆုံးအချက်ကတော့ ဘတ်ဂျက်တွေနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် ဘတ်ဂျက်ကို အပေါ်ကနေ စောင့်ကြည့်ကြီးကြပ်တာမျိုး ရှိတာပေါ့နော်။ အရင်ကဆိုရင်လွှတ်တော် ကနေ စိစစ်ဖြတ်တောက်တာတွေ လုပ်ရတယ်။ အခုအချိန်မှာတော့ ဒါမျိုးတွေ မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စုရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ရဲ့ ထောက်ခံချက်နဲ့အတူ  ပြည်ထောင်စုအစိုးရအဖွဲ့မှတဆင့်  စစ်ကောင်စီသို့ ဆက်လက်တင်ပြပြီး ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို အချိန်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး  ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က အဆိုပါ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဘတ်ဂျက်ရေးရာ ကျွမ်းကျင်သူတဦးက “ဘတ်ဂျက်တွေကို ကျနော်တို့ စောင့်ကြည့်တဲ့အခါမှာ ဘာကို အဓိကထားကြည့်လဲဆိုရင် ရငွေနဲ့ သုံးငွေ ကိုပေါ့နော်။ ရငွေက နည်းနေပြီး သုံးငွေက သိပ်များနေရင် ဂျီဒီပီရဲ့ ရာခိုင်နှုန်းနဲ့ တွက်တယ်ဗျ။ ဥပမာ- ၅ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဆိုရင် အဲ့ဒါက မီးနီ ပြနေပြီပေါ့နော်။ အခုအနေအထားမှာတော့ ရငွေနဲ့ သုံးငွေကို ဘယ်လောက်မှန်းထားသလဲ ကျနော်တို့ မသိရသေးဘူး။ နောက်တချက်က ဂျီဒီပီ တိုးတက်မှုပေါ့။ ဂျီဒီပီ ဘယ်လောက် တိုးတက်မှုရှိလဲ ဆိုတာကို ဒီဘတ်ဂျက်မှာ တွက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ဝန်ကြီးဌာနအလိုက်ရာခိုင်နှုန်းဘယ်လောက်သုံးမလဲဆိုတာမျိုးကို ကြည့်ကြတယ်ဗျာ။ ဒီတော့ ကျနော်တို့က ကျန်းမာရေးနဲ့ ပညာရေးမှာ ဘတ်ဂျက်ကို တိုးစေချင်တယ်။ ပုံမှန်အားဖြင့် ကာကွယ်ရေးမှာဆိုရင် ၁၃ ရာခိုင်နှုန်း လောက်သုံးတာမျိုး တွေ့ရတယ်။ အခုဘတ်ဂျက်မှာကော ဒီရာခိုင်နှုန်းက  ထပ်တိုးလာမလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲမယ့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ ဘတ်ဂျက်တွေ၊ ပြည်နယ်နဲ့ တိုင်းတွေအတွက် သုံးစွဲမယ့်  ဘတ်ဂျက်တွေ၊ ပတ်သက်ပြီး  စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း  အရေးပေါ်ရန်ပုံငွေကိုတော့ ဗဟိုမှာ ငွေကျပ် ၁၀၀ ဘီလီယံ ထားရှိကာ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ်တွေအတွက် ငွေကျပ် ၁၅ ဘီလီယံ လျာထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကိုလည်း အရင်နှစ်ကလိုပဲ ငွေကျပ် ၂၀ ဘီလီယံနဲ့  စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ ထည့်သွင်းလျာထားတယ်လို့ သိရပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013