DVB Logo
Home
မြန်မာသတင်း
ဆေးရုံဆေးခန်းများပိတ်ထားရသဖြင့် ကရင်နီစစ်ရှောင်များ ကျန်းမာရေးအခက်အခဲကြုံ
DVB
·
March 18, 2022
ဆေးရုံဆေးခန်းများပိတ်ထားရသဖြင့် ကရင်နီစစ်ရှောင်များ ကျန်းမာရေးအခက်အခဲကြုံ
1 / 3
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တွေ အဓိကအားထားရတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ ပိတ်ထားရလို့ ဒေသခံ လူထုတွေအနေနဲ့ ကျန်းမာရေးလက်လှမ်းမီနိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

မတ်လဆန်ပိုင်းကစပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖဒေသ၊ နောင်ပုလဲဒေသနဲ့ ဆောင်ဒူလာဒေသက  စစ်ရှောင်တွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်းအန္တရာယ်ကြောင့် ဆေးရုံတွေပိတ်ထားရတယ်လို့  ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ရှိသူ  ခွန်းမြင့်နိုင်က ပြောပါတယ်။

“ကျန်းမာရေး စောင့်ရှောက်နေတဲ့နေရာတွေမှာလည်း ဗုံးကြဲခံရတော့ ဆရာဝန်တွေက ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဆေးဝါးတွေကိုလည်း ရှောင်ထားရတာပေါ့လေ။ ဆိုတော့ ပြည်သူလူထု၊ စစ်ရှောင်တွေက ကျန်းမာရေးစောင့်ရှောက်မှုကို အလွယ်တကူနဲ့မရနိုင်ကြတော့ဘူး။ နေမကောင်း ကျန်းမမာတဲ့ သူအများကြီးရှိတယ်။ အခုချိန်ဆိုရင်လည်း နေမကောင်းတဲ့သူတွေ၊ ဝမ်းပျက်ဝမ်းလျော ဝမ်းပျက်တွေ စဖြစ်တာမျိုးတွေရှိတယ်။ ကိုယ်ပူ ကိုက်ခဲကြတာကတော့ အများဆုံးဖြစ်ကြတာပေါ့။ အဲဒါကလည်း ဆေးဝါးကုသခံ ယူနိုင်ဖို့က အရမ်းကို ဝေးသွားသလို ဖြစ်သွားတယ်။ ”

မတ်လဆန်းပိုင်းကစပြီး စစ်ရှောင်တွေအဓိကအားထားရတဲ့ ဒီးမော့ဆိုမြို့နယ် လိုဘာခို တိုက်နယ်ဆေးရုံကို ပိတ်လိုက်ရသလို  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဆေးရုံကိုလည်း လေကြောင်း တိုက်လိုက်မှုကြောင့် လွန်ခဲ့တဲ့ အပတ်ကစလို့ ပိတ်ထားလိုက်ရပါတယ်။ 

ဒါ့အပြင် နေ့စဉ်လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေဟာ ထပ်ပြီးရှောင်နေရသလို ဒီကနေ့မှာ မိုးထဲလေထဲ ရှောင်နေကြရကြောင်းလည်း ခွန်းမြင့်နိုင်က ပြောပါတယ်။

“အခုရက်တွေကတောက်လျှောက်ပဲ။ အခုလည်း ရှောင်နေတယ်။ လိုင်းရတဲ့ လမ်းဘေးတနေရာမှာ ကျနော်တို့သွားနေတယ်။ တောက်လျှောက်ထပ်ပြီးရှောင်နေကြရတယ်။ ရက်တိုင်းလိုလို ကားရှိဆိုင်ကယ်ရှိသူတွေကအစောကြီးသွားနိုင်တယ်။  မရှိတဲ့လူကျတော့ ဆိုင်ကယ်၊ တချို့ကျတော့လည်းသူများကားငှားပြီး အထုပ်အပိုးတွေနဲ့မိုးကာခြုံပြီး မလုံမလဲသွားနေကြတယ်။”

ဒီလိုစစ်ရှောင်တွေဟာ အကြိမ်ကြိမ် ထွက်ပြေးနေရတဲ့အတွက်ကြောင့် စစ်ရှောင်တွေကို ကူညီနေသူတွေကိုတိုင်ပါ ထွက်ပြေးနေကြရလို့ စစ်ဘေးရှောင်တွေကို လိုက်လံကူညီဖို့ ခက်သွားပြီလို့လည်းပြောပါတယ်။ 

“အခုချိန်မှာ သူတို့ကိုယ်တိုင်လည်း ထပ်ပြီးတော့ ထွက်ပြေးတိမ်းရှောင် စစ်ရှောင်နေရတယ်ဆိုတော့ အဲဒီလူဦးရေ ပမာဏက ပိုပိုများလာတယ်။ နဂိုကတည်းက ကူညီပေးထားနိုင်တဲ့အနေအထားက အားနည်းနေတဲ့အထဲကနေပြီးမှ ထပ်လောင်းပြီးတော့ ပိုပိုကူရတယ်ဆိုတာက တော်တော်လေးက အကူအညီရယူနိုင်မှုက အရမ်းခက်ခဲသွားတယ်လို့ ပြောလို့ရတာပေါ့။ ”

ဒီလိုစစ်ရှောင်တွေဟာ အထပ်ထပ်ရှောင်နေရတဲ့အတွက် အမိုးအကာတွေပျက်စီးပြီး အမိုးအကာအကူညီတွေလိုအပ်နေကြောင်းလည်း ပြောပါတယ်။ 

မိုးဗြဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းဒေသတွေမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ဒီကနေ့အထိ အဆက်မပြတ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အမြောက်တွေ၊ သံချပ်ကာကားတွေအပြင် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်နေပါတယ်။ 

ဒါကြောင့် ကယန်းအနောက်ဘက်ခြမ်းဒေသရှိ စစ်ဘေးရှောင်စခန်းတွေတွေ စစ်ဘေးရှောင်ခိုလှုံနေသူ ၆၀,၀၀၀ ကျော် ရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013