DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင်တွေ့သည့်ကျောက် ကျောက်စိမ်းမဟုတ်ဟု ပြည်နယ်အစိုးရပြော
DVB
·
February 25, 2014
ဖားကန့်တွင်တွေ့သည့်ကျောက် ကျောက်စိမ်းမဟုတ်ဟု ပြည်နယ်အစိုးရပြော
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တွေ့ရှိခဲ့တဲ့ ၃၅ တန်ကျော် ကျောက်ဟာ အဖိုးတန်ထိုက်တန်တဲ့ ကျောက်စိမ်းတုံးမဟုတ်ဘဲ ရိုးရိုးကျောက်တုံးကြီးသာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရက ပြောပါတယ်။

[caption id="attachment_26138" align="alignright" width="300"]ရေမဆေးကျောက်ရှာနေသူများ ရေမဆေးကျောက်ရှာနေသူများ[/caption]လူအများစိတ်ဝင်စားနေကြတဲ့ ဖားကန့်မှာ မကြာသေးခင်ကတွေ့တဲ့ ၃၇ တန်ကျော် အလေးချိန်စီးတဲ့ ကျောက်ဟာ ကနဦးပိုင်း ပြောဆိုနေကြသလို ကျောက်စိမ်းမဟုတ်ဘဲ ရိုးရိုးကျောက်ဖြစ်နေတာ တွေ့ရှိတယ်လို့ ပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီး ဦးအောင်နိုင်က ဒီဗွီဘီကို ပြောပ့ါတယ်။

“ကျောက်က မူလက အလုံးအတိုင်းမကွဲအောင် ကျနော်တို့ ရွှေ့ကြတာပေါ့။ အခုက ရွှေ့ရင်းနဲ့ ကွဲသွားတော့၊ မူလကလည်း ဒီကျောက်ကို မရွှေ့ခင်မှာ ကျောက်မျက်က တာဝန်ရှိတဲ့သူနဲ့ ဓာတ်ခွဲကြည့်တော့ သူက ကျောက်စိမ်းအမျိုးမဟုတ်ဘူးပေါ့နော်။ အဲလိုတော့ အကြမ်းဖျင်း အဖြေထွက်ထားတယ်။ ကျောက်စိမ်းရဲ့ သဘာဝက ဒီလိုနဲ့ပဲ ကျောက်မျက်လောကမှာ အရောင်းအ၀ယ်ဖြစ်နေကြတာပဲ။ ထင်ကြေး၊ မှန်းဆချက်နဲ့ပေါ့။ အထဲမှာ ကျောက်စိမ်းအသား တည်နေမလားဆိုပြီး။ ဟိုနေ့က နေရာရွှေ့တော့ အက်ကြောင်းကလည်း သုံးခုလောက်ပါတော့၊ ကျောက်ကလည်း အမျိုးမဟုတ်တဲ့သဘောရှိတော့ ကွဲသွားတာပေါ့။ ရိုးရိုးကျောက်သားပဲပေါ့။”

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါမှော်လုပ်ကွက်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကြီးမားတဲ့ ကျောက်စိမ်းတုံးတွေ့ခဲ့တာလို့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီကျောက်တုံးကြီးဟာ အကျယ် ၉ ပေ ၁၀ လက်မ၊ အမြင့် ၁၃ ပေ၊ လုံးပတ် ၃၃ ပေ ရှိပြီး ကျောက်မျက်ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်လောကမှာ မကွဲသေးတဲ့ ကျောက်ကို အတွင်းမှာ ကျောက်ပွင့်လေမလားလို့ မှန်းဆချက်တွေနဲ့ ကျပ်သိန်းပေါင်း ၁ သောင်း၊ ၂ သောင်း စသဖြင့် အရောင်းအ၀ယ်လုပ်တဲ့ အစဉ်အလာရှိပြီး အခုတော့ ကွဲသွားပြီဖြစ်လို့ သာမန်ကျောက်တုံးအဖြစ်သာ ရှိတော့မယ်လို့ ဆိုပါတယ်။

အခုတော့ ကျောက်စိမ်းမဟုတ်မှန်းသိပြီဖြစ်ပေမယ့် ကောလာဟလတွေ မဖြစ်ရအောင် အဲဒီကျောက်တုံးကို ပြသထားဖို့ စီစဉ်နေတယ်လို့ ဦးအောင်နိုင်က ရှင်းပြပါတယ်။

“ကျောက်ကကွဲသွားတော့ အထဲမှာလည်း ဘာမှမရှိဘူး။ ဒါပေမယ့် ဒါက မူလက တပ်လုံခြုံရေးတွေနဲ့ ထိန်းသိမ်းထားတော့၊ ဒါကိုလည်း အဖွဲ့စုံနဲ့ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အထောက်အကူပြုအဖွဲ့တွေနဲ့ မှတ်တမ်းတွေရိုက်ပြီး စနစ်တကျနဲ့ တည်ထားဖို့၊ အဲဒါလေးတော့ ဆောင်ရွက်ထားပါတယ်။ မီဒီယာတို့၊ စာစောင်တွေထဲမှာလည်း အသံတွေထွက်နေတော့ သံသယဖြစ်မှာစိုးလို့ပါ။ တော်ကြာနေ ကျောက်ကို မူလက ကောင်းနေတယ်လို့ အသံထွက်ပြီးမှ အစားထိုးပြီး လဲလိုက်တယ်တို့၊ ဘာတို့ ဖြစ်လာမှာစိုးလို့လေ။”

ဒီကျောက်တုံး တွေ့ရှိစက လုံခြုံရေးတိုးမြှင့်ပြီး အနားက ကျောက်လုပ်ကွက်တွေကို ပိတ်ပင်ခဲ့တာကြောင့် အခက်ကြုံရတဲ့ လုပ်သားတွေလည်း အခုတော့ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျောက်တုံးဟာ တန်ဖိုးမဲ့သွားပြီလားလို့ ဖားကန့်ဒေသခံ မြို့မိမြို့ဖတဦးကို မေးကြည့်တဲ့အခါ တန်ဖိုးမဲ့သွားပြီလို့ ကံသေကံမ မပြောနိုင်ကြောင်း ပြောပါတယ်။

ဒီကျောက်ကို စတင်တွေ့ခဲ့တဲ့ ရေမဆေးကျောက်တူးသမား ကိုအောင်နိုင်ဝင်းကိုလည်း အစိုးရတပ်က ခေါ်ယူထိန်းသိမ်းထားတာသိရပြီး နောက်ဆက်တွဲသတင်းကို မသိနိုင်သေးပါဘူး။

ကချင်ပြည်နယ် ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရှိရာဒေသအဖြစ် နာမည်ကြီးပြီး ဒေသခံတွေနဲ့အတူ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကပါ သောင်းနဲ့ချီတဲ့လူတွေ ကျောက်တူးလုပ်ငန်းကို လာရောက်လုပ်ကိုင်နေကြပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ နယ်မြေမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ် တားဆီးရေး အတွက် သတ္တုတွင်းဝန်ကြီးဌာနက အဲဒီနှစ် မေလက စပြီး ကျောက်တူးဖော်ခွင့်ကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျောက်တူးလုပ်ငန်းကတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013