DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးကြိုးပမ်းမှု ရပ်တန့်ခဲ့ရဟု သံအမတ်ကြီးပြော
DVB
·
March 18, 2022
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးကြိုးပမ်းမှု ရပ်တန့်ခဲ့ရဟု သံအမတ်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံဟာ အရပ်သားအစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ ရပ်တန့်စေခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မတ်လ ၁၇ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပြီး  စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့  သံအမတ်ကြီးက  မေတ္တာရပ်ခံလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာ့စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိပေမဲ့ ရွေးကောက်ခံပြည်သူ့အစိုးရဟာ သင့်တော်တဲ့ လူမှုစီးပွားကယ်ဆယ်ရေးမူဝါဒတွေနဲ့ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရင်း စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မတရားအာဏာသိမ်းမှု မတိုင်မီအထိ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ဖို့ အရည်အချင်းပြည့်မီနိုင်တဲ့ လမ်းကြောင်းမှန်ပေါ် ရှိနေခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

တရားမ၀င် စစ်အာဏာသိမ်းမှုဟာ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို ရပ်တန့်စေခဲ့ပြီး မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ကြေကွဲဖွယ်ရာ အခြေအနေတွေကို ဖန်တီးခဲ့တယ်၊ UNDP ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၂၅ သန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ နေထိုင်နေရတဲ့ အခြေအနေရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာကို ဝမ်းနည်းဖွယ် သိရှိရတယ်လို့ လည်းသံအမတ်ကြီးကပြောပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေကတော့ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ(LDCs)အဆင့်က‌နေ လွတ်မြောက်သွားခဲ့ပြီလို့   ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၄ ရက်မှာ   ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်  မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့  ကြောက်မက်ဖွယ်ရာဒုက္ခတွေကို မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေကြရပါကြောင်း၊ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး၊ သောင်းနဲ့ချီတဲ့ ပြည်သူတွေ မတရားဖမ်းဆီးခံခဲ့ရသလို တချို့က သေဆုံးတဲ့အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ ပြောသွားပါတယ်။

မြန်မာပြည်သူတွေဟာ စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုစတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013