DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအပေါ် လူ့အခွင့်အရေး ချိုးဖောက်ဟု မြန်မာအစိုးရကို စွပ်စွဲ
DVB
·
February 25, 2014
ရိုဟင်ဂျာအပေါ် လူ့အခွင့်အရေး ချိုးဖောက်ဟု မြန်မာအစိုးရကို စွပ်စွဲ
Donate to DVB

မြန်မာအစိုးရဆီကနေ ပေါက်ကြားလာတဲ့  အထောက်အထားတွေအရ မြန်မာနိုင်ငံမှာ  ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ တယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုက စွပ်စွဲပြောကြားလိုက်ပါတယ်။

[caption id="attachment_52269" align="alignright" width="300"]အစီရင်ခံစာ မျက်နှာဖုံး အစီရင်ခံစာ မျက်နှာဖုံး[/caption]

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လွတ်လပ်စွာသွားလာခွင့်၊ လက်ထပ်ထိမ်းမြားခွင့်၊ ကလေး မွေးဖွားခွင့်နဲ့ တခြားနေ့စဉ်ဘ၀တွေအပေါ် တားမြစ်ပိတ်ပင်တာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့က ဒီကနေ့ စာမျက်နှာ ၇၉ မျက်နှာပါ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်တာပါ။

. ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံတကာ ဥပဒေအောက်မှာ အပြင်းထန်ဆုံး ရာဇ၀တ်မှု ဖြစ်တဲ့ Crimes against humanity လူသားအဖြစ်ရပ်တည်မှုကို ဆန့်ကျင်ချိုးဖောက်တဲ့ ရာဇ၀တ်မှု ကျူးလွန်တာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြဝေဖန်ထားပါတယ်။

ဒီအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မတ်သရူးစမစ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မတော်မတရား တားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး လပေါင်း အတော်ကြာအောင် သုတေသန လုပ်နေသလို ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တားမြစ်ချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားကို ရတဲ့ အချိန်မှာ အံသြမိတယ်လို့  ပြောပါတယ်။

“ဒီမူဝါဒတွေ ဆက်ရှိနေတယ်ဆိုတာကို ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်၊ ဒီမတော်မတရားလုပ်ဆောင်မှုတွေဟာ ဆက်ပြီး ရှိနေဆဲပါ။”

ဒီအစီရင်ခံစာဟာ အစိုးရဆီကနေ ပေါက်ကြားလာတဲ့ အထောက်အထား ၁၂ ခု၊ ထိုင်းနဲ့ မြန်မာက ရိုဟင်ဂျာတွေကို မေးမြန်းပြီး လေ့လာဆန်းစစ်ရေးသားထားတယ်လို့လည်း ဆိုပါတယ်။

တိုင်းဒေသကြီးဆိုင်ရာ အမိန့် ၁/၂၀၀၅မှာ ရိုဟင်ဂျာတွေဟာ လက်ထပ်ဖို့ ခွင့်ပြုချက် လိုအပ်သလို ကလေးအရေအတွက်ကို ထိန်းချုပ်ခြင်းအားဖြင့်  မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ အစားအစာနဲ့ ခိုလှုံဖို့ နေအိမ်တွေလုံလောက်မှာ ဖြစ်တဲ့အတွက် ကလေး ၂ ယောက် မူဝါဒကို ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ စုံတွဲတွေဟာ လက်မထပ်ဘဲ အတူနေလို့ မရသလို လက်ထပ်ဖို့ ခွင့်ပြုချက်ကို ထုတ်ပေးဖို့ စဉ်းစားရာမှာလည်း အုပ်ချုပ်ရေးအဖွဲ့ ၁၀ ခုရဲ့ လိုအပ်ချက်တွေ ပါရမှာဖြစ်ပြီး လျှောက်ထားသူဟာ ငွေအမြောက်အမြား ပေးရနိုင်တယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။

ဒါ့ပြင် ခွင့်ပြုချက်မရှိဘဲ မြို့နယ်အတွင်း ဒါမှမဟုတ် မြို့နယ် တခုကနေ တခု သွားလာဖို့ တားမြစ်ထားသလို ကြုံတောင်ကြုံခဲဆိုသလို ပြည်နယ်အပြင်ကို သွားလို့ရပြီး ခွင့်ပြုချက်ရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။  ဒီအတွက် အရေးပေါ် အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါတွေကို ချိုးဖောက်ရင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး နှစ်ရှည်ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ငွေနဲ့ ဒီ၂ မျိုးစလုံး ချမှတ်ဖို့လည်း အစိုးရမူဝါဒမှာ ရေးထားတယ်လို့ ဆိုပါတယ်။

၁၉၉၃၊ ၂၀၀၅၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီးရဲ့ အမိန့်တွေမှာ ပြည်နယ် အဆင့်အစိုးရ အရာရှိတွေက လတ်မှတ်ရေးထိုးထားပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက ဌာနတွေကို မိတ္တူတွ ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အခုအစီရင်ခံစာထုတ်ပြန်တဲ့ အဖွဲ့တွေဟာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ဖိအားပေး လုပ်ဆောင်တဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် ထွက်လာတဲ့ အစီရင်ခံစာကို တန်ဖိုးထားစရာ မလိုဘူးလို့ ပြောပါတယ်။

“အဲဒီအဖွဲ့အစည်းက တသက်လုံး ဘင်္ဂါလီဘက်က လော်ဘီလုပ်လာတဲ့ အဖွဲ့ဖြစ်တဲ့အတွက် သူတို့ရဲ့ တဖက်သတ်ဆန်တဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ မှတ်ချက်ပေးစရာ အကြောင်းလည်းမရှိဘူး၊ တန်ဖိုးလည်းမထားပါဘူး၊ အလေးလည်း မထားပါဘူး။”

ဒီအစီရင်ခံစာကို ထုတ်ပြန်တဲ့ Fortify Rights အဖွဲ့ကတော့ နိုင်ငံတကာနဲ့ မြန်မာက တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။

အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာက လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်မှတ်တမ်းပြုစုနေတဲ့  လွတ်လပ်တဲ့အဖွဲ့အစည်းတခုဖြစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက အကြံပေး အဖြစ် ပါဝင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013