Home
မြန်မာသတင်း
မှတ်ပုံတင်မပါဘဲ ခရီးသွားခွင့်မရသဖြင့် ရန်ကုန်က အခြေခံလုပ်သားများ အခက်ကြုံ
DVB
·
March 17, 2022

ဧပြီလဆန်းကစပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်မပါရင် ခရီးသွားခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာကြောင့် မဖြစ်မနေ နယ်ပြန်ချင်တဲ့ ရန်ကုန်က အခြေခံလုပ်သားတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

ဧပြီ ၁ ရက်ကစပြီး  မှတ်ပုံတင်ရှိမှ ခရီးသွားလာခွင့်ပြုတော့မှာဖြစ်ပြီး ထောက်ခံစာတခုတည်းနဲ့ သွားလာတည်းခိုခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒီထုတ်ပြန်ချက်ကြောင့် နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူတွေအတွက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်လာပါတယ်။ 

ရန်ကုန်မှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတာကြောင့် နေရပ်ပြန်ချင်တဲ့ အလုပ်သမားတွေဟာ ရန်ကုန်မှာ ပိတ်မိနေမယ့်သဘောမျိုးဖြစ်လာတယ်လို့ MICS အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူက ပြောပါတယ်။ 

ရန်ကုန်စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ ကိုယ်ပိုင်မှတ်ပုံတင်မရှိကြဘဲ သန်းခေါင်စာရင်း လပေးတိုင်ပြီး နေထိုင်နေကြတာပါ။

အခြေခံလုပ်သားတချို့ဟာ အသက်မပြည့်သေးတဲ့အတွက် ကိုယ်ပိုင်မှတ်ပုံတင်မရှိကြဘဲ အလုပ်ရဖို့အတွက် နားလည်မှုနဲ့အလုပ်ဝင်နေကြတာလည်းဖြစ်ပါတယ်။ 

နေရပ်ပြန်မှ မှတ်ပုံတင်လုပ်လို့ရမှာဖြစ်တဲ့အတွက် နယ်ကိုပြန်ခွင့်မရှိတာကြောင့် အခြေခံလုပ်သားတွေကြားမှာ ကြီးမားတဲ့အခက်အခဲဖြစ်စေပါတယ်။ စစ်ကောင်စီလက်အောက်ခံ လဝက ကလည်း ပုံမှန်အလုပ်ယန္တရားမလည်ပတ်နိုင်သေးတာကြောင့် အလုပ်သမားတွေအတွက် မှတ်ပုံတင်အမြန်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်ကတည်းက အလုပ်သမားတွေအတွက် စီမံချက်နဲ့မှတ်ပုံတင်လုပ်ပေးဖို့ အလုပ်သမားအဖွဲ့တွေက တောင်းဆိုတာတွေရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ရန်ကုန်မှာ စက်ရုံလုပ်သား ၅ သိန်းကျော်အထိရှိနေပြီး အဲ့ဒီအထဲက ၅ သောင်းနီးပါးဟာ မှတ်ပုံတင်မရှိကြဘူးလို့ အလုပ်သမားရေးရာအဖွဲ့တွေရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံရေးစစ်ရေးမတည်ငြိမ်တာကို ထိန်းချုပ်ဖို့ ပြည်သူတွေကို ကန့်သတ်ချုပ်ချယ်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထွက်ခွာသွားတာ၊ လုပ်ငန်းရှင်တွေ အရှုံးပေါ်ခဲ့တာတွေကြောင့် အလုပ်သမားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေပျောက်ဆုံးပြီး စားဝတ်နေရေး အကျပ်အတည်နဲ့ ရင်ဆိုင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024