DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး အဆမတန် မြင့်တက်မှုကြောင့် ကျော့ပိုက်လုပ်ငန်းများ ရပ်နားရနိုင်
DVB
·
March 17, 2022
စက်သုံးဆီဈေး အဆမတန် မြင့်တက်မှုကြောင့် ကျော့ပိုက်လုပ်ငန်းများ ရပ်နားရနိုင်
Donate to DVB

စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်လာနေတာကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက်က ကျော့ပိုက်လုပ်ငန်းတွေ များစွာထိခိုက်နစ်နာမှုတွေ ရှိနေပြီး ဆက်လက်မြင့်တက်လာပါက လုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်လို့ ကျော့ပိုက်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
ဒါ့အပြင် ကျော့ပိုက်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင် စားသောက်နေကြတဲ့ ရေလုပ်သားတွေနဲ့ မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေ ရှိနိုင်တယ်လို့ ကျော့ပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းစိုးက ပြောပါတယ်။
“ပိုင်ရှင်တယောက်မှာ ဒီလို ဆီဈေးနှုန်း မြင့်တက်မှုတွေနဲ့ ရင်ဆိုင်လာရရင် ဒီဟာရဲ့ အကျိုးသက်ရောက်မှုက လုပ်သားတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှု ဖြစ်လာတာပေါ့။ သူတို့မှာလည်း စားဝတ်နေရေး ခက်ခဲလာတဲ့သဘောကို ရောက်လာတာပေါ့။ ကုန်ခဲ့တဲ့လအထိ ငါးဈေးနှုန်းအရ နည်းနည်းပါးပါး ကောင်းပေမဲ့ ဒီလတွေမှာ ငါးဈေးနှုန်း မကောင်းဘူးပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ ရာသီဥတုအရ ငါးထွက်နှုန်း ကောင်းလာတဲ့အတွက်ကြောင့် ကျနော်တို့က ဒီဆီဈေးကို အန်တုလို့ရတယ်လို့ ပြောလို့ရပေမဲ့ နောက်လမှာ ဘယ်လိုဟာမျိုးနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို အခုအချိန်ထိ ရပ်တည်ရမလား၊ ရပ်ပစ်ရမလား၊ ရှေ့ဆက်လုပ်ရမလား၊ ရပ်ပစ်လိုက်ပြန်ရင်လည်း ကျနော်တို့ကို မှီခိုပြီး စားသောက်နေတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက တရပ်ကွက်တည်းမှာတင် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ မိသားစု သောင်းပေါင်းများစွာသောလူတွေ မှီခိုစားသောက်တာ။ ကျနော်တို့ ဒီရပ်ကွက်ဆိုလို့ရှိရင် ၉၅ ရာခိုင်နှုန်းလောက်က ရေလုပ်ငန်းကိုမှီခိုပြီး စားသောက်တဲ့ အတွက်ကြောင့် ဒီလုပ်ငန်းတွေ ရပ်တန့်မယ်ဆိုရင် ကြီးမားတဲ့အန္တရာယ်တခုတော့ ရှိနိုင်တယ်ပေါ့။”
အခုလို စက်သုံးဆီဈေး မြင့်တက်လာပြီး ကုန်ကျစရိတ် မတတ်နိုင်လို့ ကျော့ပိုက်တွေကို ကမ်းဝေးမထွက်နိုင်ဘဲ ကမ်းနီးမှာသာ ချနေရပြီး ငါးရရှိမှုကလည်း နည်းပါးကာ ဝင်ငွေနည်းပါးလာတာကြောင့် အရင်ကလို လုပ်သားတွေအပေါ် ပိုပိုလျှံလျှံ မပေးနိုင်တော့ဘဲ စက်သုံးဆီဈေးသာ ထပ်မံမြင့်တက်လာပါက လုပ်ငန်းတွေကို ရပ်တန့်လိုက်ရတော့မယ်လို့ ကျော့ပိုက်လုပ်ငန်းရှင် ဦးဖိုးဆွေက ပြောပါတယ်။
“ကမ်းနားမှာရှာရတဲ့အခါ ငါးရနှုန်းဟာလည်း အရမ်းနည်းလာမယ်၊ နည်းလာတဲ့အခါ ဝင်ငွေလည်း နည်းလာတဲ့အတွက်ကြောင့် လုပ်သားတွေလည်း လစာကို ပုံမှန်ထက်ပိုပြီးတော့လည်း မရနိုင်တော့ဘူး၊ ကျော့ပိုက်လုပ်ငန်းရှင်တွေကလည်း တဖောင်နဲ့ တဖောင်ကို တရက်နဲ့တရက်ကို အလျဉ်မီအောင် မနည်းရုန်းကန်နေရတဲ့ အတွက်ကြောင့် တော်တော်အခက်အခဲ ဖြစ်နေကြတယ်။ ကျနော်တို့ ဒီလိုသာ ရှေ့ကိုတက်လာမယ်ဆိုရင် လုပ်ငန်းတွေဟာ အကုန်ရပ်ထားလိုက်ရမယ်။ ဒီလို လုပ်ငန်းကို ရပ်ထားလိုက်ခြင်းအားဖြင့် ကျောပိုက်တွေမှာ မှီခိုနေတဲ့ ကျောပိုက်လုပ်သား မြောက်များစွာဟာ အငတ်ဘေးဒုက္ခကို ကြုံရဖို့၊ ကြုံရတဲ့အခါ ဒါကို ဖြေရှင်းနိုင်ဖို့အတွက် လုပ်ငန်းရှင်မှာ အင်အားက အဲဒီလောက်ထိ မရှိနိုင်၊ မရှိနိုင်တဲ့အတွက်ကြောင့် စက်သုံးဆီ မြင့်တက်လာမယ်ဆိုရင် လုပ်ငန်းတွေ ရပ်ဆိုင်းရဖို့ အလားအလာတွေ မြင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ စက်သုံးဆီတွေ၊ ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ လူသုံးပစ္စည်းတွေဟာ အရင်ကထက် ဈေးအဆမတန် မြင့်တက်သွားတာကြောင့် ပြည်သူတွေမှာ အခက်အခဲများစွာ ရှိလာပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါက အခြေခံလူတန်းစားတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013