DVB Logo
Home
မြန်မာသတင်း
အာဆီယံဆန်စပါး ဖက်ဒရေးရှင်း ထူထောင်ရန် သဘောတူ
DVB
·
February 24, 2014
အာဆီယံဆန်စပါး ဖက်ဒရေးရှင်း ထူထောင်ရန် သဘောတူ
Donate to DVB

မြန်မာ-ထိုင်း-လာအို-ဗီယက်နမ်-ကမ္ဘောဒီးယား စတဲ့ ၅ နိုင်ငံ ပူးပေါင်းပါဝင်တဲ့ အာဆီယံဆန်စပါးဖက်ဒရေးရှင်းကို ထူထောင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေဆီက သဘောတူညီချက်ရတယ်လို့ မြန်မာနိုင်ငံဆန်စပါး ဖက်ဒရေးရှင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawဒီ ၅ နိုင်ငံက ဆန်စပါးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ မနှစ် နိုဝင်ဘာလက တွေ့ဆုံပွဲမှာ ဆန်စပါးဖက်ဒရေးရှင်းထူထောင်ရေးထူထောင်ဖို့ လမ်းစပေါ်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ထပ်မံ ညှိနှိုင်းကြပြီး ထူထောင်ဖို့ သဘောတူခဲ့ကြတာပါ။

အာဆီယံ ဆန်စပါးဖက်ဒရေးရှင်း ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး၊ စိုက်ပျိုးထုတ်လုပ် ကုန်သွယ်တဲ့အခါ လိုအပ်တဲ့ နည်းပညာနဲ့ သွင်းအားစုတွေကို တဦးနဲ့ တဦး ရိုင်းပင်းကူညီကြဖို့၊ ကမ္ဘာ့ဆန်ဈေးနှုန်း တည်ငြိမ်ဖို့၊ အဖွဲ့ဝင် နိုင်ငံများအကြား သတင်းအချက်အလက် ဖလှယ်ဖို့နဲ့ လယ်သမားတွေရဲ့ဘ၀ တိုးတက်ရေးအတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဆီယံဖက်ဒရေးရှင်းကို ကနဦးပိုင်းမှာ ၅ နိုင်ငံနဲ့ ထူထောင်ပေမယ့် နောက်ပိုင်းမှာ ကျန် ၅ နိုင်ငံကိုပါ ပါဝင်လာအောင် စုစည်းစည်းရုံးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးဖက်ဒရေးရှင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အရင်တုန်းက ဖက်ဒရေးရှင်း ထူထောင်တဲ့အခါ ကုန်သည်နဲ့ စက်ပိုင်ရှင်တွေကိုသာ ဦးတည်စဉ်းစားပေမယ့် ရန်ကုန်မြို့ ဆွေးနွေးပွဲမှာတော့ လယ်သမားတွေကိုပါ အလွှာတလွှာ အဖြစ် ထည့်သွင်းဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်တွေက ရိတ်သိမ်းချိန်လွန် နည်းပညာမှာ အလေအလွင့် များတာကြောင့် လယ်သမားတွေ ဆုံးရှုံးမှုများတဲ့အတွက် နည်းပညာ အကူအညီ၊ အတိုးနည်း ချေးငွေ ဆောင်ရွက်ပေးဖို့၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ အာမခံစနစ် မရှိတဲ့အတွက် ဆုံးရှုံးမှုများတဲ့အတွက် အာမခံစနစ် ထွန်းကားလာဖို့နဲ့ တောင်သူလယ်သမားတွေ သတင်းအချက်အလက် ရရှိဖို့ ကွန်ရက်တခု တည်ဆောက်ဖို့ စတာတွေကို တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအချက်တွေကို လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ တင်ပြမှာဖြစ်ပြီး ၀န်ကြီးအဆင့် ဆွေးနွေးပြီးရင်တော့ အာဆီယံ ဆန်စပါးဖက်ဒရေးရှင်း ထူထောင်တော့မယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အရင်တုန်းက ဖွဲ့စည်းမယ်လို့ စဉ်းစားထားချက်တွေမှာ ဆန်ကုန်သည်တွေ လုပ်ငန်းရှင်တွေသာ ဦးစားပေး ဖွဲ့စည်းဖို့ လျာထားပေမယ့် အခု လျာထားတဲ့ လယ်သမားကို ဗဟိုပြု ထူထောင်မယ့် အာဆီယံဖက်ဒရေးရှင်းဟာ လယ်သမားအကျိုးအတွက် ဘယ်လောက် အကျိုးရှိနိုင်မလဲလို့ မေးမြန်းတဲ့အခါ ဒေါက်တာစိုးထွန်းက ရည်ရွယ်ချက်တွေကို ဘယ်လောက် အကာင်အထည်ဖော်နိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ဖြေဆိုသွားပါတယ်။

ဒီဖက်ဒရေးရှင်းထူထောင်ရာမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ဆန်စပါးတင်ပို့မှု အများဆုံးနိုင်ငံတွေ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဆန်စပါး တိုးမြှင့်တင်ပို့နိုင်ဖို့ စီမံချက် ချမှတ်ဆောင်ရွက်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဆန်စပါးဖက်ဒရေးရှင်းပေါ်လာရင် မြန်မာအနေနဲ့ နိုင်ငံတကာဈေးကွက် ရရှိနိုင်မှာဖြစ်သလို လယ်သမားတွေနဲ့ ကုန်သည်တွေ အကျိုးရှိစေမယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ဆန်စပါးနဲ့ ပတ်သက်လို့ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နဲ့ မူဝါဒချမှတ် ရေးဆွဲဖို့ ညှိနှိုင်းဆဲအဆင့်သာ ရှိသေးပြီး ဆန်စပါး ထုတ်လုပ်ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်နဲ့ အထောက်အပံ့ကို ရယူပြီး ၆ လအတွင်းမှာ ပြီးပြတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကို မှီခိုတဲ့ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပြီး လက်ရှိမှာတော့ သိန်းပေါင်းများစွာသော သိမ်းဆည်းခံလယ်ယာမြေတွေကို လယ်သမားတွေရဲ့ လက်ဝယ် ပြန်လည် ပေးအပ်ရောက်ရှိရေးဟာ မသေမချာ မရေရာသေးဘဲ ဖြစ်နေဆဲပါ။

စိုက်စရိတ်ချေးငွေ မလုံလောက်မှု၊ ဓာတ်မြေသြဇာ၊ နည်းစနစ်၊ ဆန်စက်ခေတ်မမီမှုနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာတွေ အပုံအပင် လိုအပ်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ မနှစ်တုန်းက ဆန်စပါး တန်ချိန် ၈ ဒဿမ ၅ သန်းနဲ့ အများဆုံး တင်ပို့ခဲ့ပြီး ဗီယက်နမ်က ၆ ဒဿမ ၅ သန်းနဲ့ ဒုတိယအများဆုံး တင်ပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013