
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို မတ်လ ၁၄ ရက် ဒီကနေ့ စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ စတင်ပြီး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲအမှုအတွက် စတင်စစ်ဆေးခဲ့တာဖြစ်ပြီးတော့ လာမယ့်ရုံးချိန်းကို မတ်လ ၂၂ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ကာ တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားသလို ဝန်ကြီးဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြိုနယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသလို အဂတိမှု ၃ မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသူပါ။
ဝန်ကြီး ဦးမင်းအောင်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရပါတယ်။