DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ၃ နေရာဗုံးကွဲ၊ အစောင့်တပ်သား ၁ ဦးသေဆုံး
DVB
·
March 14, 2022
မန္တလေးတွင် ၃ နေရာဗုံးကွဲ၊ အစောင့်တပ်သား ၁ ဦးသေဆုံး
Donate to DVB

မန္တလေးမြို့   မန္တလေး၊ ၆၂ လမ်းရှိ သူနာပြုတက္ကသိုလ်ကျောင်းပေါက်က အစောင့်ဂိတ်တဲကို မတ် ၁၄ ရက် မနက် ၁၁ နာရီက ဗုံးပစ်တိုက်ခိုက်ခဲ့ရာမှာ အစောင့်စစ်သား  ၁ ဦးသေဆုံးတယ်လို့ မန္တလေးပြောက်ကျား တပ်ဖွဲ့က သိရပါတယ်။

လူသွားလူလာများတဲ့ သိပ္ပံလမ်းနဲ့ ၆၂ လမ်းမီးပွိုင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့စုံ စစ်ဆေးနေတဲ့နေရာမှာလည်း  ဒီ မနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး  ယာဉ်ထိန်းရဲနဲ့ မီးသတ်အပါအဝင် ၄  ဦး ဒဏ်ရာရသွားပါတယ်။

ယာဉ်ထိန်း တပ်ကြပ် စိုးမင်းအောင်မှာ လက်မောင်း ဖေါက်ဝင်ဒဏ်ရာ၊ မီးသတ် တပ်ကြပ်ကြီးမှာ ပေါင်ရင်းဖေါက်ဝင်ဒဏ်ရာ၊ လည်ကုပ်ဖေါက်ဝင်ဒဏ်ရာ၊ အရပ်သား ဦးဝင်းလွင်မိုးမှာ တင်ပါးအောက်ဖောက်ဝင်ဒဏ်ရာ၊ နောက်စေ့ ထိမှန်ဒဏ်ရာနဲ့ တခြားအမျိုးသား တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ Mandalay Black King Scorpion ၊ Guerilla Force Of Mandalay နဲ့ Mandalay Ranger Force - PDF တို့က ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လမ်း ၂၀ ×၈၂ ထောင့်က ပုလဲ ရပ်ကွက်ရုံးမှာလည်း ဒီနေ့မနက်  ဗုံးပေါက်ကွဲပြီး လူ  ၂ ယောက် တော့ဒဏ်ရာရသွားတယ်လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။

မန္တလေးမှာ ဒေသကာကွယ်ရေးတပ်တွေတွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတာကြောင့် မကြာခဏရက်ခြားဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက် ၊ ၄၉ လမ်း ၊ ၁၂၉ လမ်း နဲ့ လမ်း ကြားမှာတော့ ဒီနေ့  မနက် ၉ နာရီလောက်က  အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် (၄၂) နှစ်အရွယ် ကိုသန်းမြတ်စိုး (ခ) မွတ်တား ဆိုသူဖြစ်ပြီး ဆိုင်ကယ် မောင်းနေချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“အခုပစ်ခံရတဲ့သူက မနေ့က ဇီးအုပ်ထဲမှာ နေသူတွေကို ကျူးဆိုပြီး စစ်ကောင်စီတပ်သားတွေကို ခေါ်ပြီး ဖျက်ခိုင်းတာလို့တော့ ကြားမိတယ်။ အဲ့ဒီအကြောင်းကြောင့်များ ပစ်ခံရလားတော့ မသိဘူး။ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။”လို့ ပြည်ကြီးတံခွန်မြို့နယ်နေ ပြည်သူတဦး က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက်  ကိုသန်းမြတ်စိုး (ခ) မွတ်တား မှာ ကျောကုန်း ဖောက်ဝင်ဒဏ်ရာ ၊ နံဘေး ဖောက်ဝင်ဒဏ်ရာ ၊ ကျောကုန်း အောက်ပိုင်းဖောက်ဝင်ဒဏ်ရာ၊ ကုပ် ဖောက်ဝင်ဒဏ်ရာတို့နဲ့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခံရပြီး မကြာခင်မှာ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးကာ ပစ်သတ်ခံရသူရဲ့ ရုပ်အလောင်းကို လူနာတင်ကားနဲ့ သယ်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013