
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့လုပ်ငန်း ဖြစ်လို့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အစိုးရက ဘတ်ဂျက်ချမှတ် သုံးစွဲပေးဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ဦးရန်ဝင်းက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်တိုင်းလွှတ်တော်ရုံး အစည်းအဝေးခန်းမမှာ သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ပွဲမှာ သူက ခုလို တောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့နှစ်စာရင်းတွေကို ကြည့်ရင် မလေးရှားမှာ ကမ္ဘာလှည့်ခရီးသည် ၂၈ သန်း၊ ထိုင်းမှာ ၂၄ သန်း၊ ဗီယက်နမ် ၇ သန်းခွဲ၊ ကမ္ဘောဒီးယား ၅ သန်း၊ လာအိုနိုင်ငံငယ်လေးတောင် ၃ သန်းခွဲ ၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂ သန်းပဲ ၀င်လာကြောင်း၊ အများကြီး တိုးမြှင့်နိုင် သေးကြောင်း သူက ရှင်းပြပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ၁ နှစ်ကို ဒေါ်လာ ၃၆၅ သန်း သုံးနေလို့ မြန်မာနိုင်ငံအတွက် ၁ နှစ် ဘတ်ဂျက် ၁၀ သန်းကျော်လောက် သုံးစွဲပေးရင်တောင် ခရီးသွားကဏ္ဍ အများကြီး တိုးတက်လာနိုင်မယ်လို့ ဦးရန်ဝင်းက ပြောပါတယ်။










