DVB Logo
Home
နိုင်ငံရေး
တိုင်းပြည်လမ်းကြောင်းမှန်ပေါ် ရောက်ပြီလား(သဘောထားအမြင်များ)
DVB
·
February 23, 2014
တိုင်းပြည်လမ်းကြောင်းမှန်ပေါ် ရောက်ပြီလား(သဘောထားအမြင်များ)
Donate to DVB

သမ္မတဦးသိန်းစိန်က “အစိုးရသက်တမ်း သုံးနှစ်ဝန်းကျင်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဦးစားပေး အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ အခုချိန်မှာ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ”လို့ ဖေဖော်ဝါရီ ၂၂ရက် ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခိုက် ပြောခဲ့ပါတယ်။

[caption id="attachment_52107" align="alignleft" width="400"]ဖေဖော်ဝါရီ ၂၂ ရက်နေ့က သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစဉ် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ) ဖေဖော်ဝါရီ ၂၂ ရက်နေ့က သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစဉ် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]မြန်မာပြည် တကယ်ပဲ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီလား။ သဘောထားအမြင်တချို့ စုစည်း တင်ပြပါ့မယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက မှန်းခြေ ရှိသလောက် မြန်မြန်ထက်ထက် သွားနေတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“သူပြောတာ စီးပွားရေးသမားတွေနဲ့ ပြောတဲ့စကားဆိုတော့ စီးပွားရေးသမားတွေနဲ့ ပတ်သက်တဲ့ လမ်းကြောင်းမှန်ကို ပြောတယ်လို့ ယူဆရမှာပေါ့ဗျာ။ သူလုပ်နေတာကတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သူတို့ ဆွဲဆောင်မှုတွေ လုပ်တယ်ဆိုတဲ့အပိုင်းကို အဓိကထား ပြောချင်ပုံပေါ် ပါတယ်။ သူပြောတဲ့ လမ်းကြောင်းမှန်က ဒါလို့ပဲ ကျနော်က အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ လမ်းကြောင်းမှန်ဆိုတဲ့ အခါမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး စသဖြင့် အကုန်ပါတာပေါ့ဗျာ။ စီးပွားရေးသမားတွေနဲ့ တွေ့တဲ့ လမ်းကြောင်းမှန်ဆိုတာကတော့ ဒါပဲလို့ တွေးပါတယ်။ ကျန်တဲ့ဟာတွေက လမ်းကြောင်းမှန်တယ် မမှန်တယ်ကတော့ မသိဘူးပေါ့ဗျာ။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကလည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောဖို့ စောသေးတယ်လို့ သုံးသပ်ပါတယ်။

“နည်းနည်းတော့ စောသေးတယ်ဗျ။ ဆိုလိုတာက သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့ နောက်ပိုင်းမှ မှန်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မှုအပိုင်းမှာတော့ အရင်ကထက်စာရင် စစ်ပွဲတွေ နည်းသွားပြီးတော့ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားလာတာတော့ တွေ့တယ်။ သို့သော်လည်း လုံးလုံးလျားလျားကြီး လမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်ဆိုတဲ့ဟာတော့ နည်းနည်းလေးများ စောနေမလားလို့ ကျနော်ကတော့ မြင်တယ်။ ဥပမာ အားဖြင့် ပြောမယ်ဆိုရင် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မရသေးတဲ့အခြေအနေ ပေါ့။ ဒါလည်း အပျက်သဘောနဲ့ ပြောတာမဟုတ်ဘူး။ ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ပြောနေတာပါ။ အဲဒီတော့ သမ္မတကြီးပြောသွားတဲ့ဟာကိုတော အားလုံးသဘောမတူဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် စီးပွားရေးဆိုသည့်မှာ တိုင်းပြည်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲ ကောင်းစားသွားတဲ့ စီးပွားရေး ပုံစံမျိုး မဟုတ်ဘူးလေ။ အောက်ခြေလူတန်းစားကော ဘယ်လောက် ပြောင်းလဲမှုရဲ့ အကျိုးကို ခံစားရပြီလဲဆိုတဲ့ဟာနဲ့ တိုင်းတာရမယ်လို့ ထင်တယ်လေ။ ကျနော်မြင်တာက အောက်ခြေလူတန်းစားတွေ အနေနဲ့က သူတို့ဘ၀ တိုးတက်ပြောင်းလဲလာတာ ကျနော် မတွေ့သေးဘူး။”

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတက အရင်လမ်းကြောင်း မှားတယ်လို့ ၀န်ခံသွားတာလို့ မှတ်ချက်ပေး ပြောပါတယ်။

“လမ်းကြောင်းမှန်ပေါ်ဆိုတာ ပထမ စစ်အုပ်ချုပ်ရေး လမ်းကြောင်းကို သွားတာကိုးဗျ။ နဂိုလမ်းကြောင်းကို မှားတယ်ပြောတာပေါ့။ တပ်ကလည်း ကျနော်တို့ထဲမှာ ပါနေတာကိုး။ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေက တပ်က ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်တဲ့အတွက် သူတို့ ဟိုဘက်ကို ပြန်လုပ်လို့မရဘူးလေ။ အဲဒီအတွက် ဒီလမ်းကြောင်းကိုပဲ သူပြောတာပါ။”

၁၉၉၀ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကလည်း အခြေခံကျတဲ့ ဖွဲ့စည်းပုံပြင်နိုင်မှ လမ်းကြောင်းမှန်ပေါ် ရောက်မယ်လို့ သုံးသပ် ပြောကြားပါတယ်။

“ယေဘုယျပြောရင်တော့ မှန်တယ်လို့ပဲ ပြောရမှာပါခင်ဗျ။ သမ္မတပြောသလိုပေါ့ သူပြောတဲ့ အချက်အလက်တွေအရ လုပ်နေတာလည်း မှန်တယ်။ ဦးတည်ချက်ကတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ လေးလေးနက်နက် စဉ်းစားရင်တော့ စိုးရိမ်ချက်တွေ အများကြီး ရှိတယ်။ လုပ်နေတာတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကြီး အပေါ်မှာ အခြေခံပြီး သွားနေတယ်၊ လုပ်နေတယ်။ ဒီဖွဲ့စည်းပုံကြီး ရေးတုန်းကလည်း ဒီမိုကရေစီနည်းရော လူထုဆန္ဒရော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒတွေနဲ့ လွဲကွဲပြီးတော့ ဆန့်ကျင်ပြီးတော့ မရမကရေးပြီးတော့မှ ရေးပြီးမှ လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကြီး ဖြစ်နေတော့ ဒီအခြေခံအပေါ် လုပ်နေတာတွေက ဘာပဲပြောပြော အခြေခံက မမှန်ဘူး။ သွားနေတာက မှန်ကောင်းမှန်မယ် ပေါ့လေ။ အဲဒါကြောင့် စိုးရိမ်ချက်တွေ အများကြီးရှိတော့ အခြေခံကျကျ မပြင်နိုင်သေးလို့ကတော့ ဘယ်လောက်ပဲ လမ်းကြောင်းမှန်မှန်၊ ဘယ်လောက်ပဲ ရှေ့ရောက်ရောက် ဒီဟာတွေဟာ အဟောသိကံ ဖြစ်နိုင်တဲ့အတွက် ကျနော်အများကြီး စိုးရိမ်တယ်ခင်ဗျ။”

တိုင်းပြည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောခဲ့တဲ့ သမ္မတစကားအပေါ် သဘောထား မှတ်ချက်အမျိုးမျိုး ကြားခဲ့ကြရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013