DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြေဧက ၁၀,၀၀၀ ကျော်ကို အမျိုးသားဥယျာဉ်သတ်မှတ်
DVB
·
March 11, 2022
ထန်တလန်မြေဧက ၁၀,၀၀၀ ကျော်ကို အမျိုးသားဥယျာဉ်သတ်မှတ်
Donate to DVB

ချင်းပြည်နယ်အတွင်း အကြမ်းဖက်မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီက ထန်တလန်မြေဧက ၁၀,၀၀၀ ကျော်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြောင်း ကြေညာပါတယ်။

ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းက မြေဧက ၁၂,၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းကာကွယ်ဖို့အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် မတ် ၁၀ ရက်က စပြီး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီဩဇာခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

ထန်တလန်မြို့ကနေ ၂၃ မိုင်လောက်အကွာမှာ တည်ရှိတဲ့ မီအေပီတောင်ဟာ ထင်ရှားတဲ့ ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်-ဟရီဖီး-ဝေါင်သူး ကားလမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ကားလမ်းပေါက်ပါတယ်။

ပြည်တွင်းပြည်ပခရီးသွားတွေ ဝင်ထွက် အပန်းဖြေနိုင်တဲ့နေရာဖြစ်သလို သစ်ပင်မျိုးစုံနဲ့ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝတာနဲ့ ဘူမိရူပသွင်ပြင် ထူးခြားတဲ့ဒေသဖြစ်တာကြောင့် ကာကွယ်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေက စစ်အာဏာရှင်စနစ်ကို မုန်းတီးလက်မခံကြောင်း၊ တန်းတူဖက်ဒရယ်​ဒီမိုကရေစီ ပြည်ထောင်စု လိုချင်ကြောင်း ငြိမ်းချမ်းစွာ လမ်းမပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ပေးမယ့်အစား လူမဆန်စွာ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့လို့ ဒီလုပ်ရပ်တွေကနေ ကာကွယ်နိုင်ဖို့အတွက် မြို့နယ်/ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြပြီး ဧပြီလ ၂၄ ရက်က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Chinland Joint Defense Committee (CJDC) ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော်ဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်က အကြိမ်ရေ ၆၀ နဲ့ အများဆုံး ဖြစ်ပွားခဲ့ကာ ထန်တလန်မြို့နယ်မှာတော့ ၁၈ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အသေအပျောက်စာရင်းမှာတော့ ချင်းပြည်ကာကွယ်ရေးတပ်တွေဘက်က ၅၈ ယောက်နဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ၂၇ ယောက် သေဆုံးခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၀၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူမဆန်စွာ ပစ်ခတ်နှိမ်နင်းတာ၊ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးသုံး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကြောင့် တိုင်းနဲ့ ပြည်နယ်အနှံ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၅ သိန်းကျော်ထိ ရှိလာခဲ့ကာ ချင်းပြည်နယ်မှာလည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုတွေ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013