
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ မတ်လ ၁၀ ရက် ဒီနေ့မနက်က KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။
ဒီနေ့မနက် တိုက်ပွဲဖြစ်တဲ့နေရာကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ရှင်းလင်းရာမှာ MA 1 သေနတ်တစ်လက်၊ ကျည်ကာအင်္ကျီတထည်၊ ဖုန်းတစ်လုံးနဲ့ တခြားစစ်အသုံးဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ KNLA စစ်သားတယောက်က ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြေကုပ်ယူထားတဲ့ လေးကေ့ကော်မြို့သစ် လက်နက်ကြီးတောင်ကုန်းပေါ်ကနေ 120 မမ လက်နက်နဲ့ ဖလူးလေးရွာဘက်ကို ပစ်ခတ်ခဲ့သလို လက်ငယ်တွေနဲ့လည်း မွန်းလွဲ ၂ နာရီလောက်က ပစ်ခတ်ခဲ့ပါတယ်။
လေးကေ့ကော်ဒေသမှာ မတ်လ ၉ ရက် မနက် ၉ နာရီလောက်ကလည်း KNLAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။