DVB Logo
Home
မြန်မာသတင်း
အဓမ္မဝါဒီများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် ဒေါက်တာ တေဇာဆန်း တိုက်တွန်း
DVB
·
March 10, 2022
အဓမ္မဝါဒီများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် ဒေါက်တာ တေဇာဆန်း တိုက်တွန်း
Donate to DVB

ပြည်သူ့တော်လှန်ရေးမှာ ခြံစည်းရိုး ခွထိုင်ထားသူတွေ၊ နှစ်ဖက်ချွန်တွေ၊ သာပေါင်းညာစားတွေကိုလည်း လူရာမသွင်းကြဖို့နဲ့ အဓမ္မဝါဒီများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက တိုက်တွန်းပြောပါတယ်။

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးမှာ အဓမ္မဝါဒီဘက်သားဟူသမျှကို ကျောသားရင်သား မခွဲခြားဘဲ ပြတ်ပြတ်သားသား၊ စဉ်ဆက်မပြတ် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ လုပ်သင့် လုပ်ထိုက်တဲ့ လူပုဂ္ဂိုလ်၊ ကုန်စည်နဲ့ ဝန်ဆောင်မှု၊ အကြောင်းခြင်းရာတွေကို သပိတ်မှောက် ဆန့်ကျင်ခြင်း (Boycott) နဲ့ လူမှုပြစ်ဒဏ်ခတ်ခြင်း (Social Punishment) တို့ဟာ ကျနော် တို့ ဓမ္မဝါဒီအားလုံးက အမြဲကိုင်ဆွဲနေရမယ့် တော်လှန်ရေးလက်နက်များ ဖြစ်ပါတယ်”

ဒေါက်တာတေဇာဆန်းဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ရရှိခဲ့ပြီးနောက် စာ ကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာတော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ပြီး မန္တလေး ယုံကြည်ရာအသိပညာ​ပြန့်ပွားရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ ‌ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ ဆက်လက်ပြီးတော့ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

“ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ "လူ့စည်း ဘီလူးစည်း" ဆိုတာ ရှိပါတယ်။ ကျနော်တို့ ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်အုပ်စုကို ဘာအကြောင်းနဲ့မျှ လူရာမသွင်းမိဖို့ လိုအပ် ပါတယ်။ ကိုယ့်ကြောင့် အကြမ်းဖက်စစ်အုပ်စု လူရာမဝင်စေဖို့  အထူး ဂရုပြုကြရပါမယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ သူ့ရဲ့ အမာခံဒေါက်တိုင်တွေကို "ရန်-ငါ" ပြတ်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှ ကိုလည်း ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပျက်ကြုံတွေ့ခံစားနေကြရတဲ့ လူမှုစီးပွား အထွေထွေ အကြပ်အတည်းတွေ၊ ပြည်သူ့ဒုက္ခသုက္ခ ပြဿနာတွေအားလုံးရဲ့ တစ်ခုတည်းသော လက် သည်တရားခံဟာ အာဏာသိမ်းလုပ်ရပ်၊ ဒီအာဏာသိမ်းမှုကို ကျုးလွန်သူ အကြမ်းဖက် စစ်အုပ်စု၊ ဒီအဓမ္မလုပ်ရပ်ကို ထောက်ခံအားပေးကြသူတွေပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့တွေ ကိုယ့်အိမ်ထဲမှာကိုယ် အေးအေးသက်သာ နေနေရင်း တော်လှန်ရေးကြီးက သူ့အလိုလို အောင်မြင်သွားမယ်၊ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျသွားမယ်လို့တော့ မထင်သင့်ပါဘူး။  လက်ရှိ ပြည်သူ့တော်လှန်ရေးကြီးကို အလျင်အမြန် အောင်ပွဲဆင်လိုတယ် ဆိုရင် ဒီတော်လှန်ရေးကြီးမှာ ပြည်သူအားလုံးဟာ အနည်းနဲ့ အများဆိုသလို ကိုယ်စီကိုယ် င ထည့်ဝင်မှု (Contribution) နဲ့ အရင်းအနှီး (Cost) များ မလွဲမသွေ ရှိကြရပါလိမ့်မယ်။ ကျနော်တို့ ပြိုင်တူတွန်းမှ အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် အောင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" "လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး"။

လက်ရှိ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူမှုကို ပြည်သူတ ရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013