DVB Logo
Home
မြန်မာသတင်း
ရုရှား−ယူကရိန်း စစ်ပွဲဂယက် ပြည်တွင်းကုန်စျေးနှုန်းအပေါ် ဘယ်လိုရိုက်ခတ်လဲ
DVB
·
March 10, 2022
ရုရှား−ယူကရိန်း စစ်ပွဲဂယက် ပြည်တွင်းကုန်စျေးနှုန်းအပေါ် ဘယ်လိုရိုက်ခတ်လဲ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ကုန်စျေးနှုန်းတွေက ပြည်သူတွေရဲ့ နေ့စဥ်ဘဝတွေကို ဖိစီး ရိုက်ခတ်နေစဥ် ရုရှား−ယူကရိန်း အရေးကြောင့် ကုန်စျေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကို ၀င်ငွေနည်းပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။

ရှရှားနိုင်ငံဟာ ကမ္ဘာ့ရေနံတင်ပို့တဲ့ နိုင်ငံများအသင်း (OPEC) အဖွဲ့၀င်နိုင်ငံတနိုင်ငံဖြစ်ပြီး အခုအခါမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုကြောင့် ကမ္ဘာ့နိုင်ငံတွေက ၀ိုင်း၀န်းပိတ်ဆို့၊ ဒဏ်ခတ်အရေးယူမူတွေ ပြုလုပ်နေကြပါတယ်။ 
အဲဒီလိုမျိုး ဒဏ်ခတ်အရေးယူမူတွေထဲမှာ ရုရှားနိုင်ငံရဲ့ ရေနံနဲ့ သဘော၀ဓတ်ငွေ့တင်ပို့မှုကို ပိတ်ပင်ဖို့လည်း ပါ၀င်ပါတယ်။ ရုရှားနိုင်ငံဘက်ကလည်း အဲဒီလို ပိတ်ဆို့လာရင် ဥရောပကို ဓာတ်ငွေ့တင်ပို့မှု ရပ်ပစ်မယ်လို့ တုံပြန်ထားပါတယ်။

အဲဒီလို ၀ိုင်း၀န်းပိတ်ဆို့မှုတွေကြောင့် လောင်စာဆီ စီးဆင်းမှုကို ထိခိုက်လာနိုင်ပြီး စျေးမြင့်လာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်ထားကြပါတယ်။ 

အာဆီယံ ဒေသတွင်းနိုင်ငံတွေအနေနဲ့ လောင်စာဆီကဏ္ဍမှာ ရုရှားအပေါ် တိုက်ရိုက်မှီခိုမှု အများအပြားမရှိပေမဲ့ အနည်းနဲ့အများ ရိုတ်ခတ်မှုရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ရုရှား− ယူကရိန်း စစ်ပွဲနှစ်ပတ်နီးပါး ကြာပြီးတဲ့နောက်  ပြည်တွင်းမှာ စက်သုံးဆီတစ်လီတာဟာ ကျပ် ၂၀၀၀ အထက်ထိ  မြင့်တက်လာပါတယ်။ လောင်စာဆီစျေး နဲ့ ဆက်နွှယ်ပြီး  သယ်ယူပို့ဆောင်ရေးနဲ့ စက်မူကုန်ထုတ်ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေမှာပါ ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုများလာပြီး ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို စားသုံးသူတွေက  ခံစားနေရတာပါ။

မြန်မာနိုင်ငံဟာ သွင်းကုန်အပေါ်အဓိကအားထားနေရတဲ့ နိုင်ငံဖြစ်တာနဲ့အညီ လတ်တလော ပြည်တွင်းမှာ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေ၊ စိုက်ပျိူးရေးသွင်းအားစုတွေနဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေပါမကျန် စျေးအဆမတန် မြင့်တက်နေပါတယ်။ 

ဒါ့အပြင် အဓိကအခြေခံ စားကုန်တွေဖြစ်တဲ့ ဆန်၊ စားသုံးဆီ၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ငရုတ် အပါအ၀င်  အသား၊ ငါး၊ ကြက်ဥ စျေးနှုန်းတွေလည်း မြင့်တက်နေတာပါ။

၀င်ငွေနည်း ပြည်သူတွေ အဓိကစားသုံးတဲ့  ပြည်ပသွင်းကုန် စားအုန်းဆီစျေးက လက်လီစျေးကွက်မှာ တစ်ပိသာကိုကျပ် ၇၆၀၀ ကနေ ကျပ် ၈၀၀၀ ထိ စံချိန်တင်မြင့်တက်နေပြီး နှစ်ပတ်အတွင်း  ၁ ပိဿာကို  ကျပ် ၂၀၀၀ ၀န်းကျင် စျေးမြင့်တက်လာပါတယ်။ 

အကြော်စုံသုတ်ရောင်းချသူတဦးက “ဓာတ်ဆီစျေးတက်တယ်၊ သယ်ယူစရိတ်တက်တယ်ဆိုပြီး အကုန်လိုက်တက်နေတာပဲ။ အရင်က စားအုန်းဆီ ၁ ပိဿာ ၂၀၀၀၊ အခု ၈၀၀၀၊ အဲတော့ ဘယ်လိုလုပ်ရမလဲ၊ ဒါတောင် သုံးလေးရက်လောက် ၀ယ်မရဘူး။ တချို့ဆိုင်တွေမှာ မရှိတော့ဘူး။ မနေ့ကမှ စဝယ်လို့ရတာ၊  ဝယ်မရတဲ့အချိန်မှာ ပဲဆီနဲ့ ကြော်ပြီး စျေးတင်ရောင်းရတယ်” လို့ ပြောပါတယ်။ 

လျှပ်စစ်မီး ပုံမှန်မရတာကြောင့် စက်ရုံတော်တော်များများဟာ မီးစက်တွေနဲ့  ဆက်လက် လည်ပတ်နေရပြီး အခုအခါမှာ လောင်စာဆီစျေး အဆမတန် မြင့်တက်လာတာကြောင့်  သူတို့ရဲ့ ထုတ်ကုန်စျေးနှုန်းတွေကို တိုးမြှင့်လာကြပါတယ်။ 

ဥပမာအားဖြင့် နာမည်ကြီး ရေသန့်လုပ်ငန်းဖြစ်တဲ့ Alpine ရေသန့်ဆိုရင်  အခုအခါမှာ စျေးနှုန်းတိုးမြှင့်လိုက်ပါတယ်။ အဲလိုမျိုး ထုတ်ကုန်စျေးနှုန်းတိုးမြှင့်တဲ့ လုပ်ငန်းတွေ ရှိသလို ကုန်ကျစရိတ် မကာမိတဲ့အတွက် ဆက်လက်မလည်ပတ်နိုင်တော့ဘဲ ရပ်နားထားရတဲ့ လုပ်ငန်းတွေလည်း ရှိနေပါတယ်။ 

လုပ်ငန်းရှင်တစ်ဦးက “လောလောဆယ် တောင့်ခံနိုင်တဲ့ လုပ်ငန်းတွေတော့ ကျန်တာပေါ့။ တချို့မလုပ်နိုင်တဲ့ အသေးစား လုပ်ငန်းလေးတွေတော့ ရပ်သွားတာပေါ့” လို့ ပြောပါတယ်။

လာမယ့်နှစ် မြန်မာနိုင်ငံမှာ မြို့ပြနေလူတန်းစားရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃ ဆ မြင့်တက်သွားမယ်လို့ UNDP က ခန့်မှန်းထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်သူလူဦးရေ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုကို ခံစားရလိမ့်မယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013