DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဘက်ထရီသုံးအင်ဗာတာနှင့် ဆိုလာလျှပ်စစ်ပစ္စည်းများ ရောင်းကောင်းနေ
DVB
·
March 8, 2022
ရန်ကုန်တွင် ဘက်ထရီသုံးအင်ဗာတာနှင့် ဆိုလာလျှပ်စစ်ပစ္စည်းများ ရောင်းကောင်းနေ
Donate to DVB

ရန်ကုန်မြို့က လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးစျေးကွက်မှာ ဘက်ထရီသုံးအင်ဗာတာနဲ့ ဆိုလာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေ လက်ကျန်ပြတ်လပ်တဲ့အထိ ရောင်းကောင်းနေတယ်လို့ လျှပ်စစ်ပစ္စည်းရောင်းဝယ်တဲ့သူတွေထံက သိရပါတယ်။

စစ်ကောင်စီလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေကို အတင်းအကျပ် ကောက်ခံနေပေမဲ့ လျှပ်စစ်မီးက ပုံမှန်မပေးနိုင်တဲ့အတွက် ရန်ကုန်မြို့နေ လူတန်းစားတွေက အင်ဗာတာသုံး ဘက်ထရီနဲ့ နေရောင်ခြည်သုံးစွမ်းအင်ပစ္စည်းတွေကို အစုလိုက်အပြုံလိုက် ဝယ်ယူနေကြတာကြောင့် စျေးကွက်မှာ ပစ္စည်း လက်ကျန်ပြတ်လပ်တဲ့အထိ ရှိလာပါတယ်။

ရန်ကုန်မြို့မှ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက “အခုဆိုရင် အင်ဗာတာတွေအတွက် ကွိုင်ခွေတဲ့သူတွေက မမီတော့လို့ဆိုပြီး ဖြစ်လာတာ။ ဒါကြောင့် ကျနော်တို့ဆိုင်မှာ အင်ဗာတာအရောင်းက ခဏရပ်ထားတယ်ခင်ဗျ။ ကျနော်တို့ သိရသလောက်က ၂၀၀၀ ၊ ၃၀၀၀ လောက်တော့ အကြမ်းမျဉ်းပေါ့။ တက်မယ်လို့တော့ သူတို့ပြောတယ်ဗျ။ ဒါကလည်း သူတို့ဘက်က စျေးအပြောင်းအလဲဖြစ်သွားလို့ ကျနော်တို့ကလည်း လိုက်ပြောင်းရတာပါ။ များသောအားဖြင့် အဝယ်များတာက ဘယ်လိုတွေလဲဆိုရင် Wifi လုံးဝကျလို့မရဘူး။ အဲ့လိုပဲ Laptop လုံးဝကျလို့မရဘူးဆိုတဲ့ လူတွေ ရှိတယ်လေ။ အဲ့လိုလူမျိုးတွေအတွက် ကျနော်တို့က အင်ဗာတာကို သေးလိုက်ပြီးတော့ ဘက်ထရီအိုးကို ကြီးပေးလိုက်တယ်။ အဲ့ဒါမျိုးနဲ့ တွဲသုံးလိုက်လို့ရှိရင် အသုံးပြုတဲ့အချိန်အတွက်ကလည်း နာရီ ပိုခံတာပေါ့နော်။ ဥပမာ- အင်ဗာတာ Watt- 200 နဲ့ ဘက်ထရီအိုး 65 AH တွဲသုံးရင်တော့ ၇ နာရီလောက် သုံးလို့ရပါမယ်။ ဒီအတွက်စျေးနှုန်းက ဘက်ထရီအိုး 65 AH က ၁၂၅၀၀၀ ကျပ် ရှိပြီး အင်ဗာတာ Watt- 200 အတွက်ကတော့ ၃၅၀၀၀ ကျပ် ရောင်းပါတယ်။ ဒါက ကျနော်တို့ ရောင်းတဲ့စျေးပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပစ္စည်းတပ်ဆင်ရောင်းချနေတဲ့ လုပ်ငန်းရှင်တဦးကလည်း “နေရောင်ခြည် ကောင်းကောင်းရဖို့အတွက် ခေါင်မိုးပေါ်မှာ တင်ထားတာက အကောင်းဆုံးပဲ။ ဒါကြောင့် ဆိုလာသုံးမယ်ဆိုရင် ကိုယ့်ရဲ့ အနေအထားအဆင်ပြေမှ သုံးသင့်တယ်နော်။ solar နဲ့နေ့လယ်ပိုင်းမှာသုံးတာက လက်ရှိ ကိုယ်သုံးနေတဲ့အတိုင်း အပြည့်အဝ သုံးလို့ရတယ်။ အားက မလျှော့ဘူး။ ဒါပေမဲ့ ညပိုင်းအတွက်ကတော့ သူသိုလှောင်ထားတဲ့ Watt ထဲက ကိုယ်သုံးမယ့် Watt ကိုပြန်ဖျက်မှာဆိုတော့ ကိုယ်သုံးသလောက် အပေါ် မူတည်တယ်။ ပြီးတော့ ကိုယ်က Watt-1000 တပ်ထားတယ်ဆိုပေမယ့် အပြည့်မရဘူး၊ Watt-800 ပဲရတယ်။အဲ့ဒီထဲက ကိုယ်သုံးမယ့်ပစ္စည်းက Watt-200 ရှိတယ်ဆိုရင် အကြမ်းမျဉ်း အနည်းဆုံးက ၄ နာရီလောက် သုံးလို့ရမယ်။ ၄ နာရီဆိုတာက နေလုံးဝပျောက်သွားပြီးတဲ့အချိန် ၆ နာရီ နောက်ပိုင်းကို ပြောတာနော်။ ကျနော်တို့ လက်ရှိလုပ်နေတဲ့ ဆိုလာဗန်း Watt-160 ကကုန်ရင် စျေးက တက်မှာဗျ။ နောက်လာတဲ့ဟာတွေက တက်နေပြီ။ ဘာလို့လဲဆို solar ၃၀၀ ဗန်း၊ ၄၀၀ ဗန်း အကြီးကြီးတွေဆိုရင် မဝင်တော့ဘူး။ အခုက မြို့ပေါ်မှာ အော်ဒါတွေ တက်လာလို့ စျေးကွက်ထဲမှာ ပစ္စည်းတွေက ပြတ်ကုန်တာ။ ဒါကြောင့် နောက် တလလောက်ဆိုရင် ဆိုလာပစ္စည်းစျေးက ပိုတက် လာဖို့ရှိတယ်။ လက်ရှိကျနော်တို့ ရောင်းနေတဲ့ Solar 500 W inverter solar set တစုံ စျေးနှုန်း က ၅သိန်းဝန်းကျင်ရှိတယ်” လို့ဆိုပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးက အကြမ်းမျဉ်းအားဖြင့် ၄ နာရီလာပြီး ၆ နာရီပြတ်တယ်ဆိုပေမယ့် တချို့နေရာတွေမှာ ၅ မိနစ်လောက်လာပြီး ပြန်ပျက်သွားတာမျိုးလည်းရှိတာကြောင့် တနေရာနဲ့တနေရာ လျှပ်စစ်မီး လာချိန်၊ပြတ်ချိန်က ခန့်မှန်းလို့ မရဘူး ဖြစ်နေပါတယ်။

မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တိတိအတွင်း အလှည့်ကျဓာတ်အားပေးမှု ပိုမို လျော့နည်းသွားမှာဖြစ်ပြီး တချို့နေရာတွေမှာ ၂၄ နာရီ ဓာတ်အားပြတ်တောက်မယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ 

လက်ရှိ ရန်ကုန်နဲ့ နယ်မြို့တွေမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးရွားလာနေချိန် အခုသီတင်းပတ်အကုန်မှာ  တချို့နေရာတွေမှာ  လျှပ်စစ်မီး တနေကုန် ပြတ်တောက်မယ်လို့ ထပ်မံကြေညာလိုက်တာ ဖြစ်ပြီး  ပြည်သူလူထုအနေနဲ့ အဆင်မပြေမှုတွေရှိလာပါက နားလည်ပေးကြဖို့လည်း ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013