DVB Logo
Home
မြန်မာသတင်း
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့ရန် သမ္မတ အဆိုပြု
DVB
·
February 21, 2014
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့ရန် သမ္မတ အဆိုပြု
Donate to DVB

မြန်မာနိုင်ငံတွင်းက  အကျင့်ပျက်ချစားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူမယ့်   လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို အငြိမ်းစားဗိုလ်ချုပ် မြ၀င်း ခေါင်းဆောင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့လိုက်ပါတယ်။

[caption id="attachment_39191" align="alignright" width="310"] ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်နေပြီဖြစ်တဲ့အတွက် ဒီဥပဒေအရ ခုလို ကော်မရှင်ဖွဲ့စည်းဖို့ သမ္မတက ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့  လွှတ်တော်အကြီးအကဲထံ  ကော်မရှင်အဖွဲ့ဝင်တွေရဲ့  အမည်စာရင်း ပေးပို့လိုက်တာပါ။

ဒီကော်မရှင်မှာ သမ္မတက ရွေးချယ်ပေးသူ ၅ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ဦးစီနဲ့ စုစုပေါင်း ၁၅ ဦး ပါဝင်ပြီး  ကော်မရှင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစား စစ်ဗိုလ်ချုပ်မြ၀င်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်စားသံအမတ်ကြီး ဦးတင်ဦးတို့ကို တာဝန်ပေးဖို့ လျာထားပါတယ်။

လက်ရှိဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ အငြိမ်းစားစစ်မှုထမ်းတွေ သံအမတ်ကြီးဟောင်းတွေ၊ စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရ၀န်ကြီးဌာနတွေက ညွှန်ကြားရေးမှူးဟောင်းတွေ အဓိက ပါဝင်တာပါ။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာတော့ ကော်မရှင်အဖွဲဝင်တွေဟာ တည်ကြည်ဖြောင့်မတ် သမာသမတ်ရှိသူတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ တာဝန်ထမ်းနေသူတွေမဖြစ်ရ၊ အစိုးရဌာနနဲ့၊ ဏုမ္ပဏီဝန်ထမ်းတွေမဖြစ်ရ၊ လူမွဲအဖြစ် ကြေညာခံထားရသူ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခံထားရသူတွေ မဖြစ်ရဆိုပြီး ပါရှိပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ ကော်မရှင်ဖွဲ့စည်းနိုင်ရင် ကောင်းတဲ့ အလားအလာဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် လာဘ်မစားဖို့ လိုတယ်လို့ ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူတိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့တဲ့အဖွဲ့ဆိုတော့ ရည်ရွယ်ချက်က အတော့်ကို ကောင်းမွန်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း သမာဓိရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဆိုပြီးတော့ ဖွဲ့ပေးလိုက်တာပဲကို။ အဲတော့ မရှိတာထက် ဖွဲ့ပေးတာက ပိုပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စ ပိုပြီးနည်းပါးသွားအောင်၊ လုံးဝ ပျောက်မသွားတောင်မှ လျော့သွားမယ့်အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ လုံးလုံးပပျောက်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ အရင် ဖဆပလအစိုးရလက်ထက်မှာလည်း ဦးနုက ဒီလိုမျိုး လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ဖွဲ့စည်းခဲ့တာပဲ။ နောက်တော့ အဲဒီထဲပါတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သူတို့အတွက် အကွက်ကောင်းဖြစ်သွားပြီးတော့ (အကုန်လုံးတော့မဟုတ်ဘူး၊ စားတဲ့သူတွေကိုပြောတာ) အဲဒီက ၀န်ထမ်းတွေကိုယ်တိုင် လာဘ်စားတဲ့အမှုတွေ ပေါ်ပေါက်ဖူးတာပဲ။ ”

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ်လကတည်းက  ပြဋ္ဌာန်းထားခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဥပဒေ အာဏာ တည်ပြီဖြစ်ပေမယ့် အဂတိလိုက်စားမှုတွေကိုတော့ ထိထိရောက်ရောက် အရေးယူတာ မတွေ့ရသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ခုလို ကော်မရှင်ဖွဲ့စည်းဆောင်ရွက်နေတာထက် ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ဖို့ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

“ဥပဒေတခုကို ပြဋ္ဌာန်းပြီးပြီဆိုရင် တိုက်ရိုက် အရေးယူဆောင်ရွက်ဖို့လိုတယ်။ ကြားကာလမှာ ဒီအဖြစ်အပျက်တွေက ဒုနဲ့ဒေးဖြစ်နေတယ်။ တိုက်ရိုက်အရေးယူနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးပေးရင် လူထုအတွက် ပိုပြီးတော့ သက်သာမှုရမယ်။ ကော်မရှင်နဲ့တင် ကြာမြင့်ပြီးတော့ ကြားကာလမှာ ဒီအဂတိလိုက်စားမှုတွေက ဖြစ်မြဲဖြစ်နေဦးမှာပါ။ ဘာလို့လဲဆိုတော့ ဥပဒေအထက်မှာ  အာဏာပိုင်တွေနဲ့ ခရိုနီတွေ ရှိနေတဲ့အတွက် ကော်မရှင်ဖွဲ့တယ်ဆိုတာထက် ကျနော်ကတော့ လက်တွေ့ပြောင်းလဲမှုကိုပဲ လိုလားတယ်။ ”

လက်ရှိပြဋ္ဌာန်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ  နိုင်ငံရေး ရာထူးရယူထားသူတွေ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ၁၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်၊ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူတွေ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်ပြီး  နိုင်ငံရေး ရာထူးနဲ့ လုပ်ပိုင်ခွင့် အာဏာမရှိတဲ့  တခြားသူတွေ ကျူးလွန်ရင်တော့ ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။

ဝါရင့်သတင်းစာဆရာကြီး ဖိုးသောကြာ ခေတ်မိုးကတော့ တိုင်းပြည်မှာ အကျင့်ပျက်လာဘ်စားမှုတွေ ပပျောက်အောင်လုပ်ဖို့ သတင်းသမားတွေမှာ တာဝန်ရှိတဲ့ အကြောင်းနဲ့ လက်ရှိမြန်မာ သတင်းသမားတွေအနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ရေးသားမှုတွေ အားနည်းနေသေးတယ်လို့ သုံးသပ်ပါတယ်။

“အများပြည်သူကို ထိပါးမယ့် ကိစ္စမျိုးတွေ မှန်သမျှမှာ သတင်းသမားမှာ တာဝန်ရှိတယ်။ အကျင်ပျက်ချစားမှုနဲ့ ပတ်သက်လာရင် ရဲလာဘ်စားတာတို့၊ တရားရုံးက လာဘ်စားတာတို့၊ လောက်က သိပ်ပြီး အထူးပြုဖို့ မလိုဘူး။ ဒါပေမယ့် နိုင်ငံနဲ့ချီပြီး လာဘ်စားမှုတွေ ဆိုရင်တော့ သတင်းသမားတွေမှာ လုံးဝ တာဝန်ရှိတယ်။ ကိုယ့်မှာ အချက်အလက် အခိုင်အမာရှိတယ်ဆိုရင် ဖော်ထုတ်သင့်တာပေါ့။ နိုင်ငံနဲ့ချီပြီး လာဘ်စားမှုတွေကို သတင်းသမားတွေက မဖော်ထုတ်နိုင်ဘူး ဖြစ်နေတယ်။ မဖော်ထုတ်နိုင်ဘူး ဆိုတဲ့နေရာမှာ အကြောင်းတော့ အများကြီးရှိမှာပေါ့။ တကယ်တမ်း ဖော်ထုတ်သင့်တာပေါ့။

ကမ္ဘာတလွှား အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်အစီရင်ခံနေတဲ့ Transparency International အဖွဲ့ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013