DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများနှင့်အတူ တသားတည်းရပ်တည်ဟု ကုလသမဂ္ဂပြော
DVB
·
March 8, 2022
မြန်မာအမျိုးသမီးများနှင့်အတူ တသားတည်းရပ်တည်ဟု ကုလသမဂ္ဂပြော
Donate to DVB

နိုင်ငံ့အနာဂတ်ကို ပုံဖော်ရာမှာ မြန်မာအမျိုးသမီးတွေနဲ့ တသားတည်းရှိကြောင်းနဲ့ သူတို့ ဘက်က ရပ်တည်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာစေဖို့ ပြောင်းလဲပေးနေတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ပါ၀င် ဆောင်ရွက်မှု၊ သူတို့ရဲ့ အတွေးအခေါ်၊ တီထွင် ဆန်းသစ်မှုတွေ၊ တက်ကြွလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ခေါင်းဆောင်မှုတွေကို အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကျား၊ မ ရေးရာ တန်းတူညီမျှမှု မရှိပါက ရေရှည်တည်တံ့တဲ့ အနာဂတ်၊ တန်းတူ ညီမျှတဲ့ အနာဂတ်ကို ရောက်ရှိဖို့ အလှမ်းဝေးနေဦးမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သမိုင်းတလျှောက်လုံးတွင် မြန်မာအမျိုးသမီးတွေဟာ နိုင်ငံဖွံဖြိုးတိုးတက်မှုမှာ အဓိက အခန်းကဏ္ဍက ဆောင်ရွက်ခဲ့ကြပြီး လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း နိုင်ငံတွင်း အကျပ်အတည်းပေါင်းစုံကို အချိုးအစားမညီမျှစွာ ထိခိုက်ခံစားနေရချိန် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ ပြန်ဆောင်ရွက်တာတွေ၊ ဒီမိုကရေစီနဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ အတွက် ရှေ့တန်းက တောင်းဆိုတာတွေမှာလည်း ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါ၀င်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလူဦးရေ ၈၇၃,၀၀၀ ရှိလာပြီး အဲဒီစာရင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်ကတည်းက အိုးအိမ်စွန့်ခွာခဲ့တဲ့ ရွှေ့ပြောင်းလူဦးရေ ၅၀၂,၆၀၀ နဲ့ ပြီးခဲ့တဲ့ ပဋိပက္ခဖြစ်မှုတွေက ရွှေ့ပြောင်းလူဦးရေ ၃၇၀,၄၀၀ တို့ အပါအ၀င်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက အများစုကတော့ အမျိုးသမီး တွေနဲ့ မိန်းကလေးတွေဖြစ်ကြပြီး ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့တို့ရဲ့ လေ့လာတွေ့ရှိချက်မှာတော့ အကျပ်အတည်းတွေရဲ့ လူမှုစီးပွားရေး သက်ရောက်မှုကို အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက အဆမတန် ထိခိုက်ခံစားကြရတယ်လို့ ဖော်ပြထားပါတယ်။  ၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း အမျိုးသမီး ၅၈၀,၀၀၀ လောက် အလုပ်အကိုင် တွေ ဆုံးရှုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က လေ့လာချက်တခုမှာတော့ အမျိုးသမီးတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုတွေနဲ့အတူ စီးပွားရေးမှာ မကြုံစဖူး သက်ရောက်မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေကြရကြောင်း၊ ၀င်ငွေရတဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်း အခွင့်အလမ်းတွေ လျော့နည်းလာကြောင်း၊ အိမ်တွင်းအလုပ်နဲ့ အခကြေးငွေမရတဲ့ ပြုစုစောင့် ရှောက်ရေးအလုပ်တာ၀န်များပြားလာနေကြောင်းကို အမျိုးသမီး ထက်၀က်လောက်က သတင်းပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ တာပါ။

နိုင်ငံတဝန်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ အကြောင်းမဲ့ သတ်ဖြတ်နှိမ်နင်းမှုတွေနဲ့အတူ ပိုမိုဆိုးဝါး လာနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013