Home
ဆောင်းပါး
သူတောင်းစားကြီး (သရော်စာ)
DVB
·
March 7, 2022
Article C

မနှစ်ကနွေဦးကတည်းက ရော်ရွက်ဝါလို လေနဲ့အတူလွင့်ပါခဲ့တာ အခုဆို တစ်နှစ်ပြည့်ပြီပေါ့။ ဝင်ရောက် ခိုနားခဲ့ရတဲ့ရွာကလေးတွေလည်း များပြီလေ တချို့ရွာလေးမှာ လေးငါးခြောက်ရက်၊ တချို့ကလေးတွေမှာ လေးငါးခြောက်ပတ်။ တချို့ရွာလေးတွေမှာ နှစ်လကျော် သုံးလ ဆိုသလို နားခိုမှေးစက်အားမွေးခဲ့ရတာ။

တချို့ရွာလေးတွေမှာ မိတ်ဆွေသစ်တွေလည်းတိုးပြီးရင်းတိုးပေါ့။ ခိုနားခွင့်ရခဲ့တဲ့ရွာကလေးတွေမှာ ဒေသခံ ပေါင်းစုံနဲ့ ဆုံရ ကြုံရ ခင်မင်ခွင့်ရခဲ့ပြီး သူတို့ဒေသလက်ရာ အစားအစာနဲ့ ချက်နည်းပေါင်းစုံနဲ့ ဟင်းပေါင်းစုံကိုလည်း မြည်းစမ်း စားသောက်ကာ နှစ်သက်ခွင့်လည်း ရခဲ့ပါသဗျ။

ရွာတစ်ရွာမှာ ခေတ္တခိုလှုံနေရင်း စောမူးသာ ဆိုတဲ့ အဘကြီးတစ်ဦးနဲ့ အတော့်ကို ခင်မင် ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တယ်။ သူပြောပြောပြခဲ့တဲ့ ဇာတ်လမ်းပုံပြင်လေးတွေကလည်း တကယ့်ကို မှတ်လောက်သားလောက်တွေဗျ။

တစ်ရက်မှာ သူတောင်းစားပုံပြင်တစ်ပုဒ်ကို အဘစောမူးသာက ပြောပြပါတယ် ခင်ဗျ။ မျောက်တွေ အများကြီးမွေးထားပြီး တောင်း ရမ်းစားသောက်နေတဲ့ "သူတောင်းစားကြီး" တစ်ဦးအကြောင်းပေါ့။

"ဒီလူက မျောက်တွေအများကြီး မွေးထားတယ်ကွ။ အဲသည်မျောက်တွေကို ရွာစဉ်ရွာ ဆက် လျှောက်လျှောက်ပြပြီး ဟိုဟာလုပ်ပြခိုင်း ဒီဟာလုပ်ပြခိုင်းပြီးတော့ ပိုက်ဆံတောင်း တဲ့ "သူတောင်းစားကြီး" ပေါ့ကွ "

" မျောက်တွေပြပြပြီး တောင်းစားနေတဲ့ဒီလူရဲ့ လက်ထဲမတော့ " တုတ် " တစ်ချောင်းကိုကိုင် ထားတာပေါ့။ အေး . . . မျောက်တွေကလည်း သူတို့ အရှင်သခင့်မျက်နှာထက် သူ့လက်ထဲက တုတ်ကိုပဲ တစ်ချိန်လုံးကြည့်နေကြတာ။ အဲဒီ" တုတ် " က မျောက်တွေအားလုံးကို ထိန်းထားတဲ့ " လက်နက် " ပဲပေါ့ "

သူတောင်းစားကြီးက တုတ်ကိုမြှောက်လိုက်ရင် သူတို့ ဘာလုပ်ရမယ်၊ တုတ်ကိုဝှေ့ရင် ဘာကို လုပ်ရမယ်၊ တုတ်ကိုထောင်ပြရင် ဘာကိုလုပ်ရမယ်၊ တုတ်ကိုရမ်းရင် ဘာကိုလုပ်ရမယ်ဆိုပြီး  မျောက်တွေကို သင်ထားတာတဲ့။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ နာနာလေး ရိုက်ရိုက်ပြီး သင်ထားတာကြောင့် မျောက်တွေဟာ အဲသည်တုတ်ကို အရမ်းအရမ်းကိုကြောက်ကြပါသတဲ့။

"မျောက်တစ်အုပ်လုံးကို အဲသည်တုတ်တစ်ချောင်းထဲနဲ့ ထိန်းထားတဲ့ မျောက်ရှင်သခင် သူတောင်းစားကြီးကို အဲသည်မျောက်တွေက ဘာဆိုဘာမှ ပြန်မလုပ်ရဲကြဘူး။ မလုပ်ရဲဘူးဆိုတာ ထက် ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိတာ။"

တစ်ခါတော့ မျောက်တွေထဲကတစ်ကောင်က သူတို့တွေသိပ်ကြောက်နေရတဲ့ အဲသည်တုတ်ကို ယူ ပြေးဖူးတယ်တဲ့။ အဲသည်အကောင် ပြန်လည်းမိရော အရိုက်ခံလိုက်ရတာ ဒဏ်ရာတွေဟာ သေရာ၏ပါအောင်ကိုပဲ တဲ့။

" တစ်ခါတုန်းကလည်း အုပ်စုထဲက မျောက်တစ်ကောင်က ရုတ်တရက်တုတ်ကိုဆွဲယူပြေးပြီး အပိုင်းပိုင်းကို ချိုးပစ်လိုက်တယ်။ အဲသည်ကောင်လည်း ကျိုးအောင်ပဲ့အောင် အဆော်ခံလိုက်ရပြီး နောက် သူချိုးပစ်လိုက်တဲ့တုတ်ထက် ပိုပြီးကြီးတဲ့ " ကြိမ်လုံးကြီး " ရောက်လာပါလေရောဟ " မျောက်တွေရဲ့ဘဝဟာ မလွယ်ပါဘူး။ အရှင်ကိုသခင်ကို ရှာပြီးလည်းကျွေးရသေးတယ်။ ရိုက် တာနှက်တာလည်း အမြဲတမ်း ခံရသေးတယ်။ မလောက်မငှ မဝရေစာ ပေးတာလေးယူ ကျွေး တာလေးစားနေကြရတဲ့ဘဝ။ တစ်ခါတစ်လေဆိုအစာတောင်မှ မစားကြရဘဲ ငတ်ကြရသတဲ့။

သူတို့အရှင် သူတို့သခင် သူတောင်းစားကြီးကတော့ သူတို့တွေကိုပြပြပြီး တောင်းလို့ရတဲ့ပိုက်ဆံတွေနဲ့ ကောင်းကောင်းနေ ကောင်းကောင်းအိပ် ကောင်းကောင်းသောက် ကောင်းကောင်းစားပေါ့။ မျောက်တွေကတော့ သူတို့ကိုပြပြပြီး တောင်းလို့ရတာတောင်မှ သူတို့မစားရတဲ့ဘဝကို ရောက်နေရရှာသူတွေပေါ့။ သို့ပေမယ်လို့ အရှင်သခင်ကို အားထားမှီခိုနေရတာကိုပဲ သူတို့က ကံကောင်းလှပြီထင်နေကြတာ ပေါ့။

သူတို့အရှင်သူတို့ရဲ့သခင် သူတောင်းစားကြီးက ဈေးကြီးပေ့ဆိုတဲ့ အရက်တွေသောက် အစားကောင်းတွေစားပြီး လွှင့်ပစ်လိုက်တဲ့အရိုးအရင်း အကြွင်းအကျန်လေးတွေလောက်ပဲ  အငမ်းမရ ကောက်ကောက်စားနေရတဲ့ဘဝကိုကျေနပ်နေရတဲ့ မျောက်တွေဟာ အာဏာ သည် " တုတ် " အပေါ်မှာပဲ မူတည်နေပုံနဲ့တုတ်ပြလိုက်ရင် ငြိမ်ကုပ်သွားကြတာပေါ့။

အဲသည်တုတ်ကိုကြောက်ပြီး မျောက်တွေက  ထွက်လည်း မပြေးရဲကြဘူး။ မျောက်တွေပဲ တောထဲဝင်ပြီးပြေးပေါ့။ သို့ပေမဲ့ သူတို့စိတ်ထဲမှာ တောထဲကျ ငတ်ပြီးသေမှာကြောက်တာထက် သူတို့အရှင်သခင် သူတောင်းစားကြီး လိုက်လာဖမ်းချုပ်ပြီး  ကြိမ်တုတ်နဲ့ရိုက်မှာကို  ကြောက်နေတာကြောင့်မို့ ထွက်မပြေးရဲကြတာတဲ့။ ထွက်ပြေးခဲ့ဘူးတဲ့ သူတို့အထဲကမျောက် တစ်ကောင်ကို ပြန်ဖမ်းချုပ်လာပြီး သူတို့ရဲ့ရှေ့မှာပဲ သေတဲ့အထိရိုက်သတ်ပြထားဖူးတော့လည်း ကြောက်ကြတာပေါ့။

တစ်နေ့မနက်ပိုင်း မျောက်တစ်ကောင်ကို ကြိမ်နဲ့ဆော်ထားတာ အဲသည်အကောင် အတော့်ကို  နာနေပုံနဲ့ တစ်ကိုယ်လုံး တုန်ရင်နေပါသတဲ့။ ညနေဘက်ကျတော့ အဲသည်အကောင်က ဝါး ကျစ်ပိုင်းတစ်ပိုင်းကို ကိုင်ပြီးလျှောက်လာတယ်။  ကျန်တဲ့ကောင်တွေက ဒီကောင်ဘာများလုပ်မလဲ 

ဝိုင်းပြီးကြည့်နေကြတယ်။ အဲသည်မျောက်က မူးပြီး ထိုင်လျက်ကြီးအိပ်ပျော်နေတဲ့ သူတို့သခင်ရဲ့ ခေါင်းကို ဝါးကျစ်ပိုင်းနဲ့ ခပ်ပြင်းပြင်းကို ရိုက်ထည့်လိုက်တာတွေ့ကြရတယ်။ သူတောင်းစားကြီး ခေါင်းကွဲပြီး သွေးတွေပန်းထွက်လာတယ်။

သူတောင်းစားကြီးလည်း ရုတ်တရက်လန့်ပြီး သူ့ခေါင်းကိုစမ်းကြည့်တော့ သွေးတွေမှ ဒလ ဟောကိုထွက်နေတာ သိသွားတယ်။ ပြီးတော့ သူ့ကိုရိုက်တဲ့အကောင်ကို ထဖမ်းတယ်။ အဲ သည်အကောင်က ကြောက်ကန်ကန်ပြီး ထပ်ကာထပ်ကာ ပြန်ပြန်ရိုက်တယ်။ သိပ်မကြာဘူး  သူတို့ရဲ့အရှင်သခင်ကြီး ပစ်လဲကျသွားတယ်။ အဲဒီတော့မှ ကျန်တဲ့မျောက်အပေါင်းလည်း သူ တို့အရှင်သူတို့သခင် သူတောင်းစားကြီးကို ပြန်ပြီးရိုက်နိုင်တယ်ဆိုတာ သဘောပေါက် သိရှိပြီး  တွေ့ရာတုတ်တွေ ဆွဲချလာပြီး တဗုန်းဗုန်းကို ဝိုင်းဆော်ကြတယ်တဲ့။ ဒီလိုနဲ့ အဆက်မပြတ် ဝိုင်းပြီးရိုက်လိုက်ကြတာ နောက်ဆုံးတော့ သူတောင်းစားကြီး တုတ်တုတ်မှမလှုပ်တော့ဘူး။

သူတို့အရှင်သခင် သူတောင်းစားကြီးသေသွားတာတောင် ဘာလုပ်ကြရမှန်း မသိကြသေးဘူး။  မျောက်တစ်ကောင်က သွားပြီး ကိုင်လှုပ်ကြည့်တယ်။ လုံးဝငြိမ်သွားပြီ။ မထနိုင်တော့ဘူးဆိုမှ အဲသည်ကောင် ထွက်ပြေးသွားတယ်တဲ့။

တစ်ကောင်ပြေးတာမြင်တော့ နောက်တစ် ကောင်ကလိုက်။ နောက်တစ်ကောင်နောက် ကို နောက်ထပ်တစ်ကောင်ကလိုက်။ အဲသည် ကောင်တွေနောက်ကို တခြားကောင်တွေက  စုပြုံပြီးအပြေးလိုက်နဲ့ နောက်ဆုံးတော့ အိမ်ထဲမှာ မျောက်တစ်ကောင်မှကို မရှိတော့ဘူးတဲ့။

" ဒါတောင် တောစပ်ကနေ ရပ်ပြီးကြည့်နေကြသေးတာကွ။ ငါတို့အရှင်ကြီးသခင်ကြီး ကြိမ်လုံးကြီးနဲ့ လိုက်လာဦးမှာလား။ ”

လိုက်လာတဲ့အရိပ်အရောင်ကို မတွေ့ရတော့မှ တောစပ်ကနေ တောထဲကိုဝင်သွားကြပြီး အပင်တွေပေါ်တက်ကြ၊ မှည့်ရွှမ်းနေတဲ့ အသီးအနှံတွေကို စုံနေအောင်ခူးပြီး သူတို့စိတ်ကြိုက်  အားပါးတရစားကြကာ လွတ်လပ်မှုရှိတဲ့ ပျော်စရာဘဝအမှန်ကို ရသွားကြတော့တယ်တဲ့။

" မျောက်တွေရဲ့စိတ်ထဲတော့ တွေးနေကြတာပေါ့ မောင်ရာ "

"ငါတို့တွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမဆန်တဲ့ ဒီအယုတ်တမာကြီးရဲ့ခေါင်းကို ဒီလိုဒီလို အားရပါးရရိုက်ခွဲပြီး ထွက်လာနိုင်ကြရဲ့သားနဲ့ ဘာဖြစ်လို့များ ဒီလောက်နှစ်တွေ  အကြာကြီးကြာပြီး နောက်အကျကြီးကျပြီးမှ  လွတ်မြောက်လာကြရတာလဲ " ပေါ့။

“အစကတည်းကိုက တစ်ကောင်ကောင်က ပြန်ခံပြီး တီးထည့်လိုက်ရင် ဆော်ထည့်လိုက်ရင် ငါတို့တွေရဲ့ဘဝတွေဟာ လွတ်လပ်ပြီး အေးအေးချမ်းချမ်းနေရတာကြာပြီပေါ့။”

တကယ်လိုအပ်တာက “ သတ္တိ ” ပါပဲ တဲ့။ " သူ့လက်ထဲမှာအချိန်ပြည့်စွဲကိုင်ထားတဲ့ တုတ် တစ်ချောင်းဟာ ငါတို့တွေရဲ့လက်ပေါင်းများစွာနဲ့ တုတ်ပေါင်းများစွာရဲ့ဒဏ်ကို ဘယ်လိုမှမခံနိုင်ဘူး ဆိုတာ မယုံရင် စမ်းကြည့်လိုက်စမ်းပါ" လို့ သူတို့ရဲ့နောက်မျိုးဆက်လေးတွေကို အစဉ်အဆက်  လက်ဆင့်ကမ်းကာ ပြောနေကြတော့သတဲ့။

"အဘစောမူးသာပြောပြခဲ့တဲ့ ဒီပုံပြင်လေးကို သိပ်ကြိုက်တာပဲဗျာ။ နောက်တစ်ခါကြုံရင် အသစ်တစ်ပုဒ်လောက် ပြောပြပါအုံး"

" အေးပါကွာ . . . အေးပါ "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024