Home
ဆောင်းပါး
ဓားပြဂုရု ဂျပုကြင်စိုး (သရော်စာ)
DVB
·
October 8, 2023

(က)

" မင့်ညီ သန်းမောင် အိမ်ပြန်ရောက်ပြီဆို "

" အင်း . . . . . . ဟူး . . . . . . "

အဘစောမူးသာ့အမေးကို အဘစိမ်းမောင်က သက်ပြင်းမှုတ်ထုတ်ရင်း ဖြေပါလေ၏။ မျက်နှာမှာ ပုံမှန်မဟုတ်၊ ရှုသိုးသိုး၊ တစ်ခုခုကို မကျေလည်သည့်သဏ္ဍာန်။ အဘစောမူးသာက စစ်ပြန်ကြီး အဘလုံးတုံးနှင့် ဖေကြီးကို အဓိပ္ပါယ်ပါပါ လှမ်းပြုံးပြပါလေ၏။

"မင်းညီသန်းမောင့်သား ' အပြေးချန်ပီယံ ' ကျော်ကြီးကော ပြန်ရောက်လာတာလား "

" အင်း . . . . . "

အမေးစကားတွေကို သိပ်ပြီးဖြေချင်စိတ်ရှိပုံမပေါ်။ အရွှင်အဘတွေက ပြုံးစိ ပြုံးစိ။ အဘ

လုံးတုံးက ဖေကြီးကိုလှမ်းပြုံးပြရင်း စိမ်းသရဖူစိမ်း ရပ်ကျေးဥက္ကဋ္ဌကြီးကို မေးပြန်ပါ၏။

"ဆိုင်ကယ်အဖမ်းမခံဘဲ ထွက်ပြေးတာကကျော်ကြီး၊ အဖမ်းခံရတာက သူ့အဖေ သန်း မောင်၊ တော်တော်ရှုပ်တဲ့ကောင်တွေကွာ "

" (---) ကောင် "

" မင်း ငါ့ကို ဘာလို့ဆဲတာလဲ "

" ဟာကွာ . . . မင်းကိုဆဲတာမဟုတ်ဘူးဟ၊

ဟိုသူတောင်းစား ငါ့တူကျော်ကြီးကိုဆဲတာ "

သို့ဖြင့် ဖြစ်ကြောင်းကုန်စင် သိရပါလေတော့၏။ ကျော်ကြီးကိုမမိ၍ သူ့အဖေကို ' ဓားစာခံ ' အဖြစ် ဖမ်းချုပ်ထားပြီးနောက် ကျော်ကြီးကိုပါ အခြားရွာမှာ ပျူစောထီး သတင်းပေး ဒလန်တို့လက်ချက်ဖြင့် ပုန်းခိုနေရာနေရာမှ ထပ်မံဖမ်းဆီးမိသွားပြီးသကာလ ရဲစခန်းအချုပ်ခန်းမှာ အတူတကွ စံမြန်းတော်မူကြရပါသတဲ့။

" အခု ကျော်ကြီးတစ်မျက်နှာလုံး ညိုမည်းပြီးဖူးယောင်နေတာများ သပြေသီးမှည့်ကြီးကျ နေတာပါပဲကွာ . . . "

" ရဲအချုပ်က ' ကျွေး ' လိုက်တာလား "

" အချုပ်ထဲအရင်ရောက်နှင့်နေတဲ့ သူ့အဖေသန်းမောင် ဗြောင်းဆန်အောင် စွတ်ထိုးထား

တဲ့ဒဏ်ရာက ပိုများတယ်တဲ့ဟ . . သေမှ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

ဘာမှမဆိုင်ပဲ အချုပ်ထဲမှာ လေးငါးခြောက်ရက် ' လေ ' နေတဲ့ ဦးသန်းမောင်ဟာ မာရသွန်ချန်ပီယံ သူ့သားကျော်ကြီးလည်း အချုပ်သံတိုင်တံခါးကို ခါးကိုင်း ခေါင်းငုံ့ပြီး ဝင်လာတာလည်းမြင်ရော ဘာမပြောညာမပြောနဲ့ ပြေးထိုးတာ ဝုန်းဒိုင်းကိုကြဲလို့ပါတဲ့ ခင်ဗျ။

နောက်ဆုံးမတော့ သူ့အစ်ကို အဘစိမ်းမောင်က အထက်ကအဘတွေနဲ့ အဆက်အသွယ်ရ ပြီး သားအဖနှစ်စလုံးကို ' ပြန်ထုတ် ' နိုင်ခဲ့ပါရောတဲ့။ '' ဒီလောက်မြန်မြန် အပြင်ပြန်ရောက် တာ အဘမတာပဲကွ" ဟု အဘစောမူးသာကပြောတော့ အဘစိမ်းမောင်ဆီက ဆဲသံကြီး ပေါ်လာပြန်ပါလေ၏။

" (---) တွေ . . . "

" မင်းက ဘလိုင်းကြီး ထဆဲနေပါလား "

" ဟိုကောင်တွေကို ဆဲတာဟ "

ရဲစခန်းက ရဲသူတောင်းစားတွေကို လှမ်းဆဲတာပါတဲ့။ ဘာဖြစ်လို့လဲမေးတော့ သူ့ညီနဲ့သူ့တူ  နှစ်ယောက်ပေါင်း လွတ်ဖို့အတွက် ရဲကြေး ' သိန်းသုံးဆယ် ' လောက် ကုန်သွားခဲ့ပါသတဲ့။ တိတိကျကျပြောရရင်တော့ ၂၇ သိန်းပေးလိုက်ရတယ်တဲ့ ခင်ဗျ။ ဒါကြောင့် မကျေမ နပ်လှမ်းဆဲနေတာ။

" (---)  ခွေးသူတောင်းစားတွေ . . . . . "

" ဟားဟား ဟားဟား ဟားဟား ဟားဟား "

" အဲဒါ မင်းတို့ကိုးကွယ်နေတဲ့ကောင်တွေလေ "

" မ အ လ တွေပေါ့ဟ စိမ်းမောင်ရ "

"  ဝါး . . . ဟားဟာ ဟားဟား ဟားဟား "

(ခ)

အဘစိမ်းမောင်ကား ' မအေ ' နှင့် ထပ်ကာ ထပ်ကာ ' ကိုင်တုတ် ' နေပါလေ၏ ခင်ဗျာ။ ကိုင်တုတ် မခံနိုင်ရိုးလား၊ သူ့ညီနှင့် သူ့တူကို လောလောဆယ် သူ ' စိုက် ' ၍ ရွေးထားရပေသကိုး။

"လူဆိုတာ ကိုယ့်ပေါင်ပေါ် မီးပွားကျကာမှ ကိုယ်ချင်းစာစိတ်လေး ဝင်လာတတ်တာမျိုး"

" နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးကတော့ ဘုရားနဲ့ တရားနဲ့၊ အောက်ခြေကကောင်တွေကတော့ တကယ့်ကို ရမ်းရမ်းကားကားနဲ့ ဓားပြတိုက် မိုက်ကြေးခွဲ ဝေစားနေကြတဲ့တကယ့် သူတောင်းစားတွေ"

" စိမ်းမောင် . . . စိမ်းမောင် . . . ခုချိန်ထိ မအလကို ' လူကောင်း ' လို့ ထင်နေတုန်းကိုးဟ . . . ဒုက္ခ . . . ဒုက္ခ "

အဘစိမ်းမောင်ကား ခုထိ ကြင်စိုး သာဝမအလကို ကိုးကွယ်နေတုန်းပါတကား။ ဟိုအဘတွေ ဘယ်လိုပင် ရှင်းပြရှင်းပြ နားမဝင်ပါလေ။ မအလသည် ဘုရားဒကာ လူ ကောင်းဟု ယုံကြည်ဆဲ။

" သူက လူကောင်းကွ၊ တိုင်းပြည့်အပေါ်စေတနာတကယ်ပိုတဲ့ပုဂ္ဂိုလ် "

" ကဲ ကဲ . . . ဘာတွေ ဘယ်လို စေတနာတွေပိုတယ်ဆိုတာ မိန့်တော်မူပါအုန်း "

" အေး . . . ဥပမာတစ်ခုပဲပြောမယ်ကွာ၊ ကုန်ဈေးနှုန်းတွေ အရမ်းတက်နေတဲ့ဒီအချိန်မှာ သူက ဝန်ထမ်းတစ်ယောက်ကို သုံးသောင်း အလကားတိုးပေးမှာတဲ့ "

" ဟေ . . . ဟုတ်လားဟ "

"ဒါတင်ဘယ်ကမလဲကွာ၊ နေ့စားဝန်ထမ်းတွေကိုလည်း တစ်နေ့ကို တစ်ထောင် တိုးပေးအုန်းမှာတဲ့ကွ "

" အဲဒီလို တိုးပေးလိုက်တော့ တိုင်းပြည်ပြီး အေးချမ်းပြီး တိုးတက်သွားရောလားဟ "

"ဘာပဲဖြစ်ဖြစ် ကုန်ဈေးနှုန်းကို ရင်ဆိုင်နိုင်ကြပြီပေါ့ကွာ "

" ဝါး ဟားဟား ဟားဟား ဟားဟား . . . "

သို့ဖြင့် အဘစောမူးသာနှင့် စစ်ပြန်ကြီးအဘလုံးတုံးတို့က ရှင်းပြကြရပြန်ပါ၏။ နိုင်ငံတွေမှာ ဝန်ထမ်းဆိုတာ နိုင်ငံ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲရှိကြောင်း၊ လစာတိုးပေးတယ်ဆိုတာ ' ကွက် ' ပြီးတိုးပေးလို့မရဘဲအခြား  စက်ရုံအလုပ်ရုံ' ကုမ္ပဏီဝန်ထမ်းတွေ' ရဲ့ အခြေခံလစာကိုပါ တိုးပေးနိုင်ပါမှ ညီမျှ မှုရှိပြီး လူတွေ အဆင်ပြေမှာဖြစ်ကြောင်း၊ ခုလိုမျိုး မစဉ်းစားမဆင်ခြင်ဘဲ သူတို့ခိုင်းကောင်းနေတဲ့ Non CDM အစိုးရဝန်ထမ်းတွေကိုသာ ' အစာ ' ပြပြီး ' ရုန်း ' ခိုင်း နေခြင်းအားဖြင့် ' ကုန်ဈေးနှုန်း' ဟာ ဒီ့ထက် ပိုပြီး ကြီးကိုကြီးလာမယ်ဟု သုံးသပ်ပြပါ၏။

" နိုင်ငံတစ်ခုမှာ ' ပြည်သူ့ဝန်ထမ်း ' အပါအဝင် ရှိရှိသမျှအိမ်ထောင်စုတွေအားလုံးကို မျှ မျှတတ ကြည့်ရမယ်ကွ "

" ဘယ်လို ' ကြည့် ' ရမှာလဲ မူးသာရ "

" ဒီလိုလေကွာ . . . ဥပမာကောင်းတစ်ခုရှိခဲ့တယ်၊ NLD အစိုးရလက်ထက် ကိုဗစ်ကာလကြီးမှာ ပြည်သူအားလုံး ဝင်ငွေတွေ နည်းသွားချိန် NLD အစိုးရက ထောက်ပံ့ကြေးတွေ ပေးတယ်။ နိုင်ငံသားမိသားစုအားလုံးကို ညီတူညီမျှ ပေးတယ်။ အဲသလိုမျိုး စနစ်တကျသွားရမှာ"

အခုဟာက ' လုပ်နည်း ' မှားနေတယ်ဟု သေသေချာချာ ရှင်းပြပါလေ၏။ မအလတွေက သူတို့သြဇာခံ Non CDM ဝန်ထမ်းတွေကွက်ကွက်ကလေးကိုသာ ' မဲဆွယ် ' ပြီး ကုပ်ပေါ်ခွနေဆဲ ဟု ဆိုပါလေ၏။

"  စေတနာ ' မမှန်တဲ့သဘောပေါ့ကွာ။ အခုလိုမျိုး ' သုံးသောင်းစီ ' တိုးပေးလိုက်တဲ့အခါ Money Supply တွေ တအားများသွားတော့တာပေါ့ကွာ "

" အေးကွ . . . မူးသာပြောတာအမှန်ပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ လှည့်လည်နေတဲ့ ငွေသားပမာဏက ကျပ်ဘီလီယံပေါင်း ၃၀,၂၈၅ ရှိတယ်လို့သိရတယ်။ အခု ဝန်ထမ်းတစ်ဦးကို ကျပ် သုံးသောင်းဆိုတော့ ဝန်ထမ်း ၁ သန်းရှိရင် ငွေကြေးဖောင်းပွမှု ဘီလီယံ ၅၀ တက်လာပြီလို့ သိရတယ်ကွ "

" အင်း . . . လုံးတုံးပြောတာလည်း အမှန်ပဲ "

စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား ဟိုအဘ တွေရှင်းပြသမျှကို ပါးစပ်ကြီးဟကာ ငေးမော၍ နားဆင်နေသော်ငြား နားထဲသို့ဝင်ပုံမရပါလေ။

" မင်းတို့ ဘာတွေပြောပြော ' သုံးသောင်းစီ ' ရကြတယ်ဆိုတော့ ဝမ်းသာစရာပေါ့ကွာ "

" ဟားဟား ဟားဟား ဟားဟား . . . စိမ်း မောင် . . . စိမ်းမောင် . . ငါတို့တော့ ' ဟော ရင်းသာ ပျံလွန်တော်မူမယ် ' ဖြစ်တော့မဟ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

(ဂ)

အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ သုံးသပ်ချက်များကား စိတ်ဝင်စားစရာပါ။ မအလမှာ စစ်လက်နက်တွေဝယ်ဖို့ ' ဒေါ်လာ ' ခမ်းနေပြီဖြစ်ကြောင်း၊ ခုဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေဆီက ရသမျှ ' ညှစ် ' လို့အားမရသေးဘဲ နိုင်ငံရပ်ခြားသွားပြီး သီချင်းသီဆိုဖျော်ဖြေသူတွေနှင့် နိုင်ငံခြားမှာပြပွဲသွားလုပ်သည့် ပန်းချီဆရာတွေဆီကပါ' အခွန် ' ဆိုကာ ရသမျှဒေါ်လာကို ညှစ်နေပြီဖြစ်ကြောင်း သိရပါလေ၏။

" နိုင်ငံခြားဆေးသွားကုသူတွေကိုပါ ညှစ်အုန်းမှာ မြင်ယောင်သေး "

" ဟေး ဟေး ဟေး ဟေး ဟေး "

" ငါ့စိတ်ထင်တော့ ဟိုးအရင်တုန်းက နိုင်ငံခြားမှာ စာပေဟောပြောပွဲတွေ ဟောခဲ့တဲ့ စာရေးဆရာတွေဆီကပါ ' ဘက်ဒိတ် ' နဲ့အခွန် ပြန်ကောက်အုံးမလားပဲဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

" ခင်ဗျားက ဆယ်ပွဲ . . . ဒီတော့ တစ်ပွဲကို အခွန်ဒေါ်လာ ၁၀၀ နဲ့၊ အားလုံးပေါင်း ဒေါ် လာ ၁,၀၀၀ ဆောင်ပါ လုပ်ချင်လုပ်အုံးမှာ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

မြန်မာနိုင်ငံမှာ ' ငွေကြေးဖောင်းပွမှု ' ကမြင့်သထက်မြင့်လာပြီး ခုလိုမျိုး ဝန်ထမ်းတွေကို ' ငါးစာ ' သုံးသောင်းချိတ်ပြီး မျှားဖို့ရာအတွက် ' ငွေစက္ကူ  ' တွေကို စိတ်ရှိတိုင်း ရိုက်ထုတ်ပေးဝေနေတဲ့အခါ ကုန်ဈေးနှုန်းဟာ ထပ်ပြီးတော့ကို တက်လာအုံးမှာပါတဲ့ ခင်ဗျ။ ခု ၂၀၂၃ ခုနှစ်အကုန် ပိုင်းကိုစောင့်ကြည့်ရင် ခု လက်ရှိအချိန်ထက် ကုန်ဈေးနှုန်းတွေ ဘယ်လောက် အထိများ ထပ်ပြီးတက်သလဲဆိုတာ မြင်ကြရအုံးမှာပါတဲ့။

မြန်မာလူထုရဲ့ အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတို့ဟာ ဘယ်လောက် အထိ ' တက် ' နေပြီလဲဆိုတာ အားလုံးရင်မောစွာ မြင်ကြရပါသတဲ့။ ကျန်တဲ့ အ ထွေထွေဈေးနှုန်းတွေဟာလည်း လူတွေလက်လှမ်းလို့မမီအောင် ထောင်တက်နေပါပြီတဲ့။ မြန်မာပြည်မှာ ' ထမင်းငတ်လို့ သေတဲ့လူတွေတောင်မှ ' ရှိနေပါပြီတဲ့။

စကားဝိုင်းကား နားမချမ်းသာစရာများနှင့် ဖြစ်ပါလေ၏။ အရင်းစစ်တော့ အာဏာရူး မအလနှင့် လက်တစ်ဆုပ်စာနောက်လိုက်တစ်သိုက်ကောင်းစားဖို့ရာ နိုင်ငံနှင့်ပြည်သူကို ချနင်းခဲ့ခြင်းက အဖြေဖြစ်ပါလေ၏။

" ဒါနဲ့ စိမ်းမောင်ရေ . . . မင်းအခုရက်စပါးတွေရိတ်တော့ အလုပ်သမားတွေကို ဘယ်လိုပေးရလဲ "

" အဲ . . . အရင်အတိုင်း သုံးထောင်စီပဲပေါ့ မူးသာရ "

" မင်းတို့အဘ မအလတောင်မှ နေ့စားတွေကို တစ်ထောင်စီ တိုးပေးနေတဲ့ဟာ၊ မင်းလည်း တိုးပေးမှပေါ့ဟ "

" အဲ . . . "

" အဲဒါမှ မင်းဝန်ထမ်းတွေလည်း မင်းအပေါ်ကို ပိုပြီး ကြည်ညိုလာမယ်လေ "

" - - - - "

အဘစိမ်းမောင်ကား နှုတ်ဆိတ်သွားပါ၏။ စကားဝိုင်းကား အဆုံးသတ်တော့မည်ထင်၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က ပြုံးဖြဲ ပြုံးဖြဲ ဖြစ်လာကြပါ၏။

" ဒီမှာ စိမ်းမောင် . . . မင့်တူကျော်ကြီးကို သေသေချာချာ မှာထားအုံး "

" ဒီကောင့်ကို ဘာမှာရမှာတုန်းဟ "

" နောက်တစ်ခါ ဆိုင်ကယ်အဖမ်းခံရလို့ထွက်ပြေးပြီး အချုပ်ကျရင် လိုက်မရွေးဘူးလို့ "

" အင်း . . . . . "

" အခု ' သိန်းသုံးဆယ် ' လောက်နဲ့ ပြတ်သွားခဲ့ပေမဲ့ နောက်လလောက်ဆိုရင် တော့ ကုန်ဈေးနှုန်းနဲ့လိုက်ပြီး ' သိန်း ၆၀ 'လောက်နဲ့ရွေးမှ ရတော့မှာလို့ ဆုံးမပြော ကြားထားတော်မူထားဖို့ပါ ခင်ဗျား "

" ဝါး . . . ဟား ဟား ဟား ဟား ဟား "

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024