DVB Logo
Home
မြန်မာသတင်း
ထိုင်း- မြန်မာနယ်စပ် နေရာသုံးခုတွင် ပတ်စပို့ရုံး ပြန်ဖွင့်မည်
DVB
·
February 20, 2014
ထိုင်း- မြန်မာနယ်စပ် နေရာသုံးခုတွင် ပတ်စပို့ရုံး ပြန်ဖွင့်မည်
Donate to DVB

ပတ်စပို့သက်တမ်းတိုးဖို့ အခက်ကြုံနေတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအတွက် နယ်စပ်နေရာ သုံးခုဖြစ်တဲ့ တာချီလိတ်၊ မြ၀တီ နဲ့ ကော့သောင်းမြို့တွေမှာ ပတ်စပို့ရုံးဖွင့်ပေးဖို့ ညွှန်ကြားချက်ကျနေပြီး ရုံးဖွင့်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံသဘောတူညီမှုအရ ယာယီပတ်စ်ပို့အစား ပုံမှန်ပတ်စပို့လုပ်ဖို့နဲ့ ဗီဇာသက်တမ်းတိုးဖို့ လုပ်ငန်စဉ်တွေကို သတ်မှတ်ခဲ့ပါတယ်။

passportဒီကိစ္စနဲပတ်သက်ပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အဖွဲ့ကတော့ အလုပ်သမားတွေအနေနဲ့ သာမန်ပတ်စပို့ဟာ ရှုပ်ထွေးစေတဲ့အတွက် ယာယီပတ်စပို့ပဲ ဆက်လက်ကိုင် ထားချင်တယ်လို့ ဒီကနေ့ သဘောထားထုတ်ပြန်ထားပါတယ်။

ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က “ပတ်စ်ပို့ အကြီးနဲ့ အစားထိုးပေးမယ်လို့ မြန်မာဘက်က ကြေညာချက်ထွက်တာ တွေ့လိုက်တယ်။ မူလအားဖြင့် ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံသားရဲ့ အရည်အသွေးကို မြှင့်တင်ပေးလိုက်သလို ရှိတဲ့အတွက် ကျနော်တို့ ပျော်ရွှင်မိခဲ့တာ မှန်ခဲ့တယ်။ သို့သော် ထိုင်းရောက်နေတဲ့ အလုပ်သမားတွေဟာ ကျေးလက်နေ လူတန်းစား အများစု ဖြစ်နေတယ်။ ၂၀၀၉ ခုနှစ် ယာယီပတ်စပို့ စတင်လုပ်ကိုင်တုန်းက မှတ်ပုံတင်မရှိလို့ အာဏာပိုင်တွေကို ငွေပေးပြီး လုပ်လိုက်ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခု လုပ်ငန်းစဉ်က အိမ်ထောင်စု စာရင်း မူရင်းလည်း ပြရမယ်။ မှတ်ပုံတင်လည်း မပါရင် မပြီးဘူးဆိုရင် ဒီအလုပ်သမားတွေက တိုင်းနဲ့ ပြည်နယ်အသီးသီးကို ဟိုးဝေးလံခေါင်းပါးတဲ့ ဒေသတွေအထိ အိမ်ပြန်ယူရမယ့် ကိစ္စတွေရယ်၊ ၀င်ရ ထွက်ရမယ့် ကိစ္စတွေရယ် တော်တော် အနှောင့်အယှက်ဖြစ်နေမယ်။ အဲဒီတော့ မလိုလားအပ်တဲ့ ငွေကုန်ကျမှုတွေ များလာမို့ မူလ ယာယီနိုင်ငံကူး လက်မှတ်ကို ဆက်လက်သက်တမ်းတိုးပြီးမှ လုပ်သားတွေကို လွယ်လွယ်ကူကူ အလုပ်လုပ်ကိုင်ခွင့်ပေးရင် အဆင်ပြေမယ်လို့ ထောက်ပြထားခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားတွေကိုယ်တိုင် ပြုလုပ်နိုင်တဲ့ လွယ်ကူရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့နဲ့ အဆင့်တိုင်းမှာလည်း ကြာမြင့်မယ့်အချိန် (Working day) သတ်မှတ်ထုတ်ပြန်ပေးရန်ဖို့၊ ဗီဇာသက်တမ်းတိုးတာကို နယ်စပ်စခန်းတွေသာမက ထိုင်းနိုင်ငံအတွင်းပိုင်းမှာပါ ဆောင်ရွက်ပေးပို့ တောင်းဆိုထားပါတယ်။

ဗီဇာသက်တမ်းမတိုးနိုင်ဘဲ သက်တမ်းလွန်နေတဲ့ အလုပ်သမားတွေကိုလည်း ထိုင်းနိုင် ငံအနေနဲ့ ဒဏ်ကြေးကနေ ကင်းလွတ်ခွင့်ပေးဖို့ စတာတွေအပါအ၀င် အချက် ၅ ချက်ကို တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်း ၁ ရက် ကျော်လွန်ရင် ဒဏ်ငွေအဖြစ် ဘတ်ငွေ ၅၀၀ သတ်မှတ်ထားပါတယ်။ ထိုင်းနိုင်ငံတွင်း ဆန္ဒပြမှုတွေဖြစ်ပွားပြီး ရုံးတွေ ပိတ်ပင်ထားတာအပါအ၀င် အကြောင်းအမျိုးနဲ့ လနဲ့ချီပြီး သက်တမ်းလွန်မှုတွေ ရှိနေပါတယ်။

ဗီဇာသက်တမ်းလွန်မှုနဲ့ပတ်သက်ပြီးတော့လည်း အလုပ်သမားတွေဟာ အလုပ်ဖြတ်ခြင်း ခံရတာ၊ ထိုင်းရဲတွေရဲ့ ဖမ်းဆီး ငွေညှစ်တာ စတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးအောင်ကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013