မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၁၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့နဲ့ မတ် ၁ ရက်နေ့တွေမှာ နေအိမ် ၂၁၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အပြစ်မဲ့ ပြည်သူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ် ပ.အ.ဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့တာကြောင့် ရွှေဘိုရွာနဲ့ ကန်တိုးရွာမှာ နေအိမ် ၂၆ လုံး၊ မြင်သားကျေးရွာမှာ နေအိမ် ၂ လုံး၊ ကုန်းရွာမှာ နေအိမ် ၃၆ လုံးနဲ့ သင်တောရွာမှာ နေအိမ် ၁၄၇ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။
မီးဘေးသင့် နေအိမ်အရေအတွက်နဲ့ ကျဆုံးပြည်သူ အရေအတွက်ဟာ လတ်တလော အတည်ပြုရရှိတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်အရေအတွက်ကတော့ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ ပြောပါတယ်။
ကျဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ မီလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဂန့်ဂေါ ပ.အ.ဖ အနေနဲ့ စိတ်မကောင်းဖြစ်ရပြီး ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေကို အတတ်နိုင်ဆုံး ကြိုးစားကူညီသွားမယ်လို့ ဆိုပါတယ်။
မီးဘေးသင့် ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။