DVB Logo
Home
Lead Story
တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ
DVB
·
March 4, 2022
တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ
Donate to DVB

( က )

စတာလင်

(ဆေတန် - ဆေတန်)

သူက ပြောတယ်

“ငါ့ကို ယုံကြည်စမ်းပါ၊ ငါဟာ အချိန်ကာလပဲ” တဲ့။

ပြီးတော့

သူတို့က သူ့ကို ယုံကြည်လိုက်ကြတဲ့အခါမတော့

ကလေးတွေအားလုံးကို သူက ဖျက်ဆီး ဝါးမျိုပစ်လိုက်ပါလေရော ... ။

ဒီကဗျာကိုရေးတဲ့ ကဗျာဆရာကတော့ “ဗလာဒီမာ လိဖ်ချက်” ပါ။ ဘူလ်ဂေးရီးယား ကဗျာဆရာပါ။ သူက ၁၉၅၇-ခုနှစ်မှာ မွေးတယ်ဆိုတော့ ဆီုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ကြီး “စတာလင်” သေဆုံးပြီးမှ ရေးတဲ့ ကဗျာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ကမ္ဘာမှာ “စတာလင်” ကို တို့ထိလို့ မရသေးတဲ့အချိန်။ “စတာလင်” ကို အာဏာရှင်ကြီးဖြစ်တယ်ဆိုတာ ဆိုဗီယက်ကမ္ဘာမှာ ဘယ်သူမှ မပြောရဲသေးတဲ့အချိန်။ “လိဖ်ချက်”က ဘူလ်ဂေးရီးယား ကဗျာဆရာဖြစ်ပေမဲ့ “စတာလင်”ကို အခုလို “ဆေတန်” နဲ့ နှိုင်းပြီး ဘာကြောင့်ရေးရတာလဲဆိုတော့ “စတာလင်” ခေါင်းဆောင်တဲ့ ဆိုဗီယက်ကွန်မြူနစ်တွေဟာ အရှေ့ဥရောပနိုင်ငံတွေကို စစ်ရေးအရ၊ နိုင်ငံရေးအရ လွှမ်းမိုးထားပြီး အဲဒီတိုင်းပြည်တွေမှာ ဆိုဗီယက်ယူနီယံကို မှီခိုထောက်ခံတဲ့ ကွန်မြူနစ်အစိုးရတွေ၊ တစ်ပါတီအာဏာရှင်အစိုးရတွေကို ကျောထောက်နောက်ခံပြုနေတဲ့အတွက် ဒီလိုဖြစ်ရတာဟာ အာဏာရှင်ကြီး “စတာလင်” မှာ တာ၀န်အရှိဆုံးအနေနဲ့ အခုလို ဗြောင်ဖွင့်ချပြီး ကဗျာရေးခဲ့တာပါ။

ငါတို့ရဲ့ဘဝတွေဟာ

ဒါတွေရဲ့အောက်မှာ

ကြာရှည်လေးမြင့် မနေနိုင်ကြတော့ဘူး။

သူ့ရဲ့ တုတ်ခိုင်ပူနွေးတဲ့ လက်ချောင်းကြီးဆယ်ချောင်း

သူ့စကားလုံးတွေဟာ အလေးချိန်တိုင်း ကိရိယာတွေလိုပါပဲ။

ဒီကဗျာကတော့ ရဟူဒီ ကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” ရဲ့ ကဗျာထဲက စာသားတချို့ပါ။ သူက ရုရှားနိုင်ငံသား။ ကဗျာခေါင်းစဉ်က “ရှေ့ဆောင်လမ်းပြခေါင်းဆောင်ကြီး စတာလင်” ဆိုပြီး “စတာလင်” ကို ငေါ့ပြီး လှောင်ပြီး ပေးတဲ့ ခေါင်းစဉ်။ ဒီကဗျာကို ၁၉၃၃-ခုနှစ်မှာ ရေးတာဆိုတော့ အာဏာရှင်ကြီး စတာလင် မသေဆုံးခင်အချိန်။ ဆိုဗီယက်ကမ္ဘာတစ်ခုလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေရတဲ့ ပုဂ္ဂိုလ်ကို နာမည်တပ်ပြီးမှကို ကဗျာရေးပြီး လှောင်ပြောင်ရှုတ်ချလိုက်တာ ... ။ 

ဒီလိုနဲ့ “မင်ဒယ်လ်စတန်း” လည်း အဖမ်းခံရ၊ ဆိုက်ဗေးရီးယား မဲဇာ အပို့ခံရတော့တာပဲ။

ဒါတွေကတော့ အရှေ့ဥရောပတခွင်နဲ့ ဆိုဗီယက်ကမ္ဘာမှာ ထိပ်ဆုံးက တာ၀န်အရှိဆုံး အာဏာရှင်ကြီး “စတာလင်” ကို ဗြောင်နာမည်တပ်ပြီး ဆန့်ကျင်ရှုတ်ချတဲ့ ကဗျာတွေပါပဲ။

အန္တိမသက်ငြိမ်

ပြီး ပြည့်စုံတဲ့ အမှောင်ထုထဲမှာ

လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိ

ဟိုနေရာ မရှိ၊ ဒီနေရာ မရှိ

အမှောင်ထုအပေါ်က အမှောင်ထုရဲ့

ပြီး ပြည့်စုံတဲ့ဖြစ်တည်ခြင်း တခု ... ။ ။ 

 ဒီကဗျာကတော့ ရူမေးနီးယားကဗျာဆရာမ “နီနာကော်ရှန်” ရဲ့ ကဗျာပါ။ 

ကျနော်တို့ဆီမှာလိုပဲ ဖောက်ပြန်မှားယွင်းတဲ့ စနစ်အောက်မှာ နေကြ ထိုင်ကြရတဲ့ အခြေအနေကို တင်စားတဲ့ ကဗျာပါ။ သူက တပါတီအာဏာရှင်စနစ်အောက်က သူ့ရဲ့ လူ့အဖွဲ့အစည်း အခြေအနေကို “အမှောင်ထုအောက်မှာ”လို့ ဆိုလိုက်ပါတယ်။ ရူမေးနီးယားနိုင်ငံမှာ လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိဘူး… တဲ့။

ညတညရဲ့ ပြတင်းပေါက်တခု

တွေ့ဆုံခြင်း သို့မဟုတ် ခွဲခွာခြင်းရဲ့ အော်သံဟစ်သံများ

အမှန်စင်စစ်

ဒါတွေဟာ အလင်းရောင်တွေအများကြီး

အမှန်စင်စစ်

ဖယောင်းတိုင် သုံးတိုင်မျှသာပါပဲ။

ဒါပေမဲ့ 

ငါ့စိတ်ရဲ့ နေရာတိုင်းမှာ မငြိမ်းချမ်းနိုင်ဘူး

ငါ့အိမ်ထဲမှာလည်း ဒီလိုပဲ

ဒါတွေအားလုံး အစပြုခဲ့ပြီ ... ။

လူတွေ မငြိမ်းချမ်းနိုင်တဲ့ သောကဖိစီးနေရတဲ့ အခြေအနေကို ဖော်ပြတဲ့ကဗျာပါ။ ရုရှား ကဗျာဆရာမ “မာရီနာ စဗက်ထရေဗာ” ရဲ့ “အင်ဆွန်မီနီယာ” ကဗျာထဲက တပိုဒ်ပါ။ ဒီလို အခြေအနေမျိုးအောက်မှာ “မာရီနာ”ဟာ ခံနိုင်ရည်မရှိခဲ့ရှာပါဘူး။ သူဟာ အကြိမ်ကြိမ် အဖမ်းခံရပြီးတဲ့နောက် ​ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

သူ့ရဲ့ ဘယ်ဘက်လက်မောင်းကို

သူတို့ ဖြတ်ပစ်လိုက်ကြတယ်။

ပြီးတော့ ... ညာဘက်လက်မောင်း။

ခြေထောက်တဖက်

ပြီးတော့ နောက်ထပ်ခြေထောက်တဖက်။

သူ့ခေါင်းကိုလည်း အသေအချာပဲ

သူ့လည်တိုင်ကိုတော့ မြေဆီမြေသြဇာအဖြစ် စိုက်ထူလိုက်ကြတယ်

အပင်ပေါက်လာဖို့အတွက်။

ကလေးတွေနဲ့

ဆိတ်တွေ သိုးးတွေ

သူ့လည်တိုင်ကို တွဲခိုစီးကာနေကြပေါ့။ ။ 

မျိုးဆက်တဆက်အတွက် မျိုးဆက်တခုက အရင်းအနှီးပြုရတဲ့သဘော ရေးတဲ့ကဗျာပါ။ ဒါပေမဲ့ ဘယ်သူတွေကများ သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ခေါင်းကို ဖြတ်ခဲ့ကြတာလဲ။ ဒီကဗျာကိုတော့ ယူဂိုဆလပ် ကဗျာဆရာ “ဂိုကို ရိုဂို” ရဲ့ “အမျိုးသားသူရဲကောင်း” ဆိုတဲ့ ကဗျာပါ။ သူကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ယူဂိုဆလားဗီးယားမှာ ပထမဦးဆုံး ဖမ်းဆီး ထောင်ချခံရတဲ့ ကဗျာဆရာပါ။ သူ ဦးစီးထုတ်ဝေတဲ့ သတင်းစာလည်း အပိတ်ခံခဲ့ရပါတယ်။

ဘာတွေလိုအပ်ခဲ့သလဲ

ငါတို့

ဆောင်ရွက်ခဲ့ပြီးပြီ။

ကွင်းပြင်တွေ လဲလျောင်းလျက်

ငါတို့ စိုက်ပျိုးခဲ့ကြတယ်

မျိုးစေ့တွေ ကြဲချခဲ့ကြတယ်

ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

ငါတို့အမျိုးသမီးတွေက လဲလျောင်းလျက်

ပြီးတော့ ဘာတွေလိုအပ်ခဲ့သလဲ

ငါတို့ ဆောင်ရွက်ခဲ့ပြီးပြီ။

ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

နိုင်ငံခြား ကျူးကျော်သူတွေ ရောက်လာကြတဲ့အခါ

ဘာတွေ လိုအပ်ခဲ့သလဲ

ခြံတွေ၊ အိမ်တွေကို ခြံစည်းရိုးခတ်ကြပြီးပြီ

ပုဆိန်တွေ၊ ဓားတွေ သွေးကြပြီးပြီ။

ဒီကဗျာကတော့ ချက်ကဗျာဆရာမ “ဆီလ်ဗာ ဖစ်ရှာရိုဗာ” ရဲ့ “လိုအပ်ချက်” ဆိုတဲ့ ကဗျာပါ။ သူက ၁၉၆၃-ခုနှစ်မှာ မွေးပါတယ်။ ဒီထဲက “နိုင်ငံခြားကျူးကျော်တွေ” ဆိုတာ ဆိုဗီယက်စစ်တပ်တွေကို ပြောတာပါ။ ဆိုဗီယက်စစ်တပ်တွေက ကွန်မြူနစ်စနစ်ကို ကာကွယ်ဖို့ဆိုပြီး ချက်ကိုစလိုဗက်နိုင်ငံထဲကို ကျူးကျော်၀င်ရောက်ခဲ့ကြပါတယ်။ ချက်ကိုစလိုဗက် ပြည်သူတွေရဲ့ ဒီမိုကရေစီအုံကြွမှုကို ဖောက်ပြန်တဲ့ ချက်ကိုစလိုဗက်အစိုးရနဲ့ ပေါင်းပြီး နှိမ်နင်းကြပါတယ်။ ဒီအဖြစ်အပျက်ကို “ဖစ်ရှာရိုဗာ”က ကဗျာရေးဖွဲ့ခဲ့တာပါ။

( ခ )

အခုအချိန်မှာ ကျနော်တို့နိုင်ငံက စာပေပညာရှင်တွေရဲ့ခေါင်းပေါ်မှာ စစ်အာဏာရှင်တွေက လက်သီး ဝဲပြနေခဲ့ကြပါတယ်။

တချိန်က နိုင်ငံရေးအပြောင်းအလဲတွေ အောင်မြင်အောင် မလုပ်နိုင်ခင်အချိန်တုန်းက အရှေ့ဥရောပ ပြည်သူတွေရဲ့ခေါင်းပေါ် တပါတီအာဏာရှင်အစိုးရတွေက လက်သီးဝဲပြသလိုမျိုး၊ အခုလည်း စစ်အာဏာသိမ်းအုပ်စုက ကျနော်တို့ပြည်သူတွေအပေါ် တုတ်တဝဲ၀ဲ၊ ဓားတဝဲ၀ဲ လုပ်ပြနေကြပါတယ်။

 အခုတော့ အရှေ့ဥရောပပြည်သူ အများစုက သူတို့ခေါင်းပေါ်မှာ ဝဲနေတဲ့ အာဏာရှင်လက်သီးကို ပုတ်ချလိုက်ကြပြီးပါပြီ။ အရှေ့ဥရောပပြည်သူအတော်များများ လွတ်မြောက်သွားကြပါပြီ။ လွတ်မြောက်ရာလမ်းစ သူတို့ ဘယ်မှာရှာခဲ့ကြပါသလဲ။ ကဗျာတွေထဲမှာ ရှာခဲ့ကြတာပါ။ တော်လှန်ရေးလမ်းစကို ကဗျာတွေထဲမှာ သူတို့တွေ့ခဲ့ကြတာပါ။

ကျနော်တို့နိုင်ငံက ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာထဲမှာ ကျနော်တို့ ပြည်သူတွေဟာ “လွတ်မြောက်ရာလမ်းစ” ကို ရှာခဲ့ကြပါတယ်။  ပြည်သူတွေကို တော်လှန်ရေးစိတ်၊ အာဏာရှင်ဆန့်ကျင်ရေးစိတ် ပွားများဖြစ်ပေါ်စေတဲ့ တခြားကဗျာတွေလည်း ရှိပါသေးတယ်။ ဒါက တော်လှန်ရေးရဲ့အချက်ပြသံကို ကဗျာတွေထဲမှာ ရှာလို့တွေ့ကြရတဲ့ သဘောပါပဲ။ 

ကျနော်တို့ဟာ ကျနော်တို့ခေါင်းပေါ် ဝဲနေတဲ့ အာဏာရှင်ရဲ့ “လက်သီး” ကို ကျနော်တို့ကိုယ်တိုင် ပုတ်ချရမှာကလည်း သမိုင်းပေးတာ၀န်ပါပဲ။ 

ဒီနေရာမှာ မှတ်သားဖွယ်ကောင်းတဲ့ စကားတစ်ခွန်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။ ဒီလို အခြေအနေအားလုံးကို ခြုံငုံအကျုံး၀င်တဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒါကတော့ ရုရှား ကဗျာဆရာကျော် “ယက်တူရှန်ကို” ပြောခဲ့ဖူးတဲ့စကားပါ။ 

သူက ဘယ်လိုပြောခဲ့သလဲဆိုတော့… “တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ” တဲ့ ... ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ SELECTED POEMS OF MARINA TSVETAYEVA

              AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY

              SELECTED POEMS OF OSIP MANDELSTAM

              CHILD OF EUROPE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013