DVB Logo
Home
မြန်မာသတင်း
၂၀၁၄ စက်တင်ဘာ နောက်ဆုံးထား လယ်မြေပြန်ပေးရန် လွှတ်တော် ဆုံးဖြတ်
DVB
·
February 20, 2014
၂၀၁၄ စက်တင်ဘာ နောက်ဆုံးထား လယ်မြေပြန်ပေးရန် လွှတ်တော် ဆုံးဖြတ်
Donate to DVB

အစိုးရ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေက တနိုင်ငံလုံးအနှံ့ သိမ်းထားတဲ့ လယ်မြေတွေ ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထားပြီး အပြီးအပြတ် ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ထဲ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်က သိမ်းထားတဲ့လယ်တွေကို ပွင့်လင်းမြင်သာစွာနဲ့ အမြန်ဆုံး ပြီးပြတ်အောင် လုပ်ဆောင်ဖို့အဆို တင်သွင်းလိုက်ပြီး ပြည်ထောင်စုလွှတ်တော်က ထောက်ခံလိုက်တာ ဖြစ်ပါတယ်။

Parliment Jan 2013ပြည်ထောင်စုလွှတ်တော် တက်ခဲ့တဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “၂၀၁၄ စက်တင်ဘာ နောက်ဆုံးထားပြီးတော့ အစိုးရဘက်က ဒီကိစ္စတွေကို အပြီးအစီး အရေးယူဆောင်ရွက်ပေးရန် အဲဒီ အဆိုကို တင်တာ။ အဆိုအောင်တယ်။ ကန့်ကွက်မယ့်သူ မရှိဘူး။ အဲဒီစက်တင်ဘာမှ တရားရုံးရောက်နေတဲ့ ကိစ္စတွေက လွဲလို့ ကျန်တဲ့ ကိစ္စကို ရှင်းပေးရမယ်။ တရားရုံးရောက်တဲ့ကိစ္စက လွှတ်တော်ကလည်း မတတ်နိုင်ဘူး။ အစိုးရကလည်း မတတ်နိုင်တဲ့ ကိစ္စကတော့ တရားရုံးရောက်။ တရားရုံးမရောက်ဘဲ ရှင်းလို့ရတဲ့ ကိစ္စကတော့ လာမယ့် စက်တင်ဘာ နောက်ဆုံးထားပြီး ရှင်းပြီးဖြစ်ရမှာပေါ့။ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရက ရှင်းပေးရမှာပေါ့” လို့ ပြောပါတယ်။

မြေယာကော်မရှင်က အစိုးရထံ ပေးပို့ထားတဲ့ လယ်မြေအမှုတွဲပေါင်း ၈၄၀၀ ကျော် ရှိပြီး အစိုးရက ဖြေရှင်းပေးထားနိုင်တဲ့ အမှုပေါင်းက ၄၀၀ လောက်ပဲ ရှိပါသေးတယ်။

ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူလွှတ်တော်အမတ် ဦးမင်းသူက အစိုးရအနေနဲ့ ၇ လအတွင်း ဖြေရှင်းဖို့ အတော်ကြီး ခက်ခဲမယ်လို့ သုံးသပ်ပြောပါတယ်။

“မူလ သိမ်းစဉ်တုန်းက ရည်မှန်းချက်အတိုင်း မဆောင်ရွက်ခဲ့တဲ့ အနေအထားကို ပြည်သူတွေကို အဓိကထား တောင်းဆိုတဲ့အတွက် အသုံးမပြုတဲ့ မြေတွေကို ပြန်ပေးဖို့ဆိုပြီး အစိုးရက ဆောင်ရွက်တယ်လို့ ပြောတဲ့အတွက် လက်ရှိအနေအထားမှာ ဧကပေါင်း သိန်းချီနေတဲ့ အနေအထားမှာ ဒီအချိန်အတွင်းမှာ အားလုံး ပြန်ပေးဖို့ဆိုတာ အတော် ခဲယဉ်းမယ်။ အဲဒါအပြင် အစိုးရက ကုမ္ပဏီတွေကို လက်လွှဲရောင်းချထားတာတွေ ရှိတယ်။ အဲဒီ အတွက်ကို ကုမ္ပဏီဆီကနေ ငွေတွေ ယူထားတာရှိတယ်။ လယ်ယာမြေနစ်နာကြေးတွေ အစိုးရအနေနဲ့ တာဝန်ခံ ယူထားတာရှိတယ်။ အဲဒါကလည်း ဖြေရှင်းဖို့ အတော် အခက်အခဲဖြစ်မယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ အဓိက အားဖြင့် ဒေသခံတောင်သူတွေမှာ ရသင့်ရထိုက်တဲ့ အချိန်အတွင်းမှာ အမြန်ဆုံးရဖို့၊ အရင်က ၁၀ လောက်ပဲ ရတာကို တကယ်ရသင့်ရထိုက်ဟာကို ၁၀၀ ရမှာကို ၄၀ ပဲဖြစ်ဖြစ်၊ ၅၀ ပဲဖြစ်ဖြစ်၊ ၆၀ ပဲ ဖြစ်ဖြစ် အဲဒီလောက် ပြန်ရလာဖို့ ကျနော် မျှော်လင့်ပါတယ်။ အားလုံးအနေအထား ပြေလည်ဖို့ဆိုတာ လက်တွေ့လည်း မကျတဲ့အပြင် အစိုးရပိုင်းက ဒီကိစ္စကို ဖြေရှင်းဖို့ အရမ်းခက်ခဲပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်က ညှိနှိုင်းရေးမှူး ဦးတင်ကိုလင်း ကတော့ လယ်မြေပြန်ပေးဖို့ လုပ်ဆောင်တဲ့နေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်လုပ်ဆောင်ခွင့် ပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“လွှတ်တော် တာဝန်ကျေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဒါကို အကောင်အထည် ဖော်ရမယ့် လူတွေက အကောင်အထည် မဖော်ဘူး။ အကောင်အထည် မဖော်တဲ့အခါမှာ ဘာတွေဖြစ်လာလည်း ဆိုတော့ အောက်ခြေမှာ မကျေနပ် မှုတွေ တိုးပွားလာတဲ့ ဟာမျိုးတွေ ဖြစ်လာတယ်။ ဒါတွေ အကောင်အထည်ဖော်ဖို့အတွက် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ လယ်သမားတွေ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ပါဝင်မှ ဒါဟာ အကောင်အထည်ဖော်တာ ဖြစ်လိမ့်မယ်။ စနစ်တကျရလိမ့်မယ်။ ကျနော် အဲဒီလိုပဲ မျှော်လင့်တယ်။”

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်ဟာ လွှတ်တော်ထံ အစီရင်ခံစာ ၃ စောင် တင်သွင်းခဲ့ပြီး အပိုင်း ၁ မှာ တပ်သိမ်းမြေ စုံစမ်းတွေ့ရှိချက်၊ အပိုင်း ၂ မှာ စီမံကိန်းမြေအကြောင်းပြ ၀န်ကြီးဌာနနဲ့ ကုမ္ပဏီသိမ်းမြေ စုံစမ်းတွေ့ရှိချက်၊ အပိုင်း ၃ မှာ မြို့ပြတည်ဆောက်ရေးအကြောင်းပြပြီး ၀န်ကြီး ဌာနဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေသိမ်းမြေ စုံစမ်းတွေ့ရှိချက် တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တပ်သိမ်းလယ်မြေဧကပေါင်း ၁ သိန်းခွဲကျော် ပြန်ပေးမယ်လို့ မြန်မာစစ်တပ်က ကြေညာခဲ့ပြီးနောက် အခုလို ပြည်ထောင်စုလွှတ်တော်က တိကျတဲ့ အချိန် သတ်မှတ်ချက်နဲ့ အပြီးအပြတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်က နိုင်ငံတ၀န်းမှာ မြေဧကပေါင်း သိန်းနဲ့ချီ သိမ်းဆည်းခဲ့တာ ဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်မှာ သိမ်းဆည်းခံရတဲ့ လယ်သမားတွေက သူတို့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းမှုတွေ အရှိန်မြင့်တက်ခဲ့ပါတယ်။

တဖက်မှာလည်း သိမ်းဆည်းခံရတဲ့မြေတွေပေါ်မှာ ၀င်ရောက်လုပ်ကိုင်တဲ့ လယ်သမားတွေ လည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးပျက်စီးစေမှုစတဲ့ ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့အမှုတွေလည်း ဆက်တိုက် ပေါ်ထွက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013