DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု ကုလကိုယ်စားလှယ်ပြော
DVB
·
February 20, 2014
လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု ကုလကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဆဲဘဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောပါတယ်။

2014-02-20 at 4.30မြန်မာနိုင်ငံအတွင်းမှာ ရွာလိုက်ပြောင်းရွှေ့ခံရတာ၊ အဓမ္မမြေသိမ်းတာ၊ အပစ်အခတ်ရစဲရေး လုပ်ငန်းစဉ်မှာ အားနည်းပြီး စစ်ပွဲတွေပြန်ဖြစ်တာတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေးကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက်နေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုအချက်အလက်တွေကို ကျနော်ရရှိခဲ့ပါတယ်။ အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ၊ ညှန်းပန်းနှိပ်စက်မှု စတာတွေဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ နှစ်ဖက်လုံးက ချိုးဖောက်နေတာတွေရှိပါတယ်။ ကချင်ဒုက္ခသည်တွေနဲ့လည်း သွားတွေ့ခဲ့ပါတယ်။ သူတို့တွေက အိမ်ပြန်ဖို့ ဆန္ဒရှိနေကြပေမယ့် ပြန်ရောက်ရင် အရင်လိုပြဿနာရှာ ဒုက္ခပေးမှာကိုလည်း စိုးရိမ်နေကြဆဲပါ။ ဒီလိုပြဿနာတွေ ချုပ်ငြိမ်းအောင် အားကောင်းတဲ့ အပစ်ရပ်စဲရေး လုပ်ဖို့လိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရစဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုပါတယ်။ ဆက်လက်ပြီး ထောက်ခံချက်တွေ ပေးဦးမှာပါ။ ဒါပေမယ့် အစိုးရ နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ အကြားမှာ အခုထက် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုပါတယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စမှာ စောင့်ကြည့်မှုတွေ ပျက်ကွက်နေတာကြောင့်လည်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ အားနည်းနေပါတယ်။ အစိုးရ နဲ့ အပစ်ရပ်နေတဲ့ အချိန်မှာ အစိုးရတပ်က ဆက်လက်တိုးချဲ့တာတွေ ရှိတယ်လို့ ကေအိုင်အိုက ကျနော်ကိုပြောပါတယ်။ အစိုးရ နဲ့ တိုင်းရင်းသားတွေအကြား ပွင့်လင်းမြင်သာမှုရှိတဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတခုကတော့ အစိုးရနဲ့ လက်နက်ကိုင်လူနည်းစု တိုင်းရင်းသားအဖွဲ့တွေအကြား လုံခြုံစိတ်ချရတဲ့ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး သဘောတူညီမှု ရှိဖို့ပါ။ ဒါမှ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းဆီကို အသွင်းပြောင်းသွားနိုင်မှာဖြစ်ပါတယ်။”

ဒါ့အပြင် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ်မှာလည်း ကုလသမဂ္ဂ နဲ့ ပူးပေါင်းပြီး နောက်ထပ် ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

“ဒုချီးရားတန်း ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ လက်ရှိဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတကာနဲ့ ကိုင်ညီတဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ပျက်ကွဲမှုတွေရှိမယ်ဆိုရင်၊ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ပူးပေါင်းပြီး ဒုချီးရားတန်း အဖြစ်ရပ်မှန် ဖော်ထုတ်ရေးအတွက် ယုံကြည်နိုင်လောက်တဲ့ စုံစမ်းမှုတရပ်ဖွဲ့ဖို့ ကုလသမဂ္ဂကို တိုက်တွန်းသွားမှာပါ။”

မစ္စတာကင်တားနားက သူရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်မှာ ကချင်ပြည်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

စုဆောင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိစ္စတွေကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ဂျာနီဗာရှိ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီကို ဆက်လက်အစီရင်ခံ တင်ပြသွားမယ်လို့ ပြောပါတယ်။

သူ့နေရာအစား နောက်ထပ်ကိုယ်စားလှယ်တယောက် အစားထိုးပြီး မြန်မာနိုင်ငံ လူ့အခွင့်ရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

လက်ရှိမြန်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုရှိလာတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကာလမှာ လူ့အခွင့်အရေးကိစ္စကို အလေးအနက် ထားဖို့လိုကြောင်း မစ္စတာ ကင်တားနားက ထောက်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013