DVB Logo
Home
မြန်မာသတင်း
ရုရှားကျူးကျော်စစ်ရပ်တန့်ရန် ကုလဆုံးဖြတ်ချက် မြန်မာထောက်ခံ၊ ကုလညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော
DVB
·
March 3, 2022
ရုရှားကျူးကျော်စစ်ရပ်တန့်ရန် ကုလဆုံးဖြတ်ချက် မြန်မာထောက်ခံ၊ ကုလညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော
Donate to DVB

ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုအတွက် ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချဖို့ ဆုံးဖြတ်ချက်ကို မတ်လ ၂ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ  မြန်မာနိုင်ငံအနေနဲ့ ထောက်ခံမဲ ပေးခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေးမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၄၁ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တာမှာ မြန်မာလည်း အပါအဝင်ဖြစ်ပါတယ်။

တရုတ်အပါအဝင် ၃၅ နိုင်ငံက ကြားနေပြီး  ရုရှား၊ ဆီးရီးယားနဲ့ ဘီလာရုစ် အပါအဝင် ၅ နိုင်ငံက  ကန့်ကွက်မဲ ပေးခဲ့ကြတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ အများစုနဲ့ အထွေထွေညီလာခံမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ 

ကုသမဂ္ဂဆုံးဖြတ်ချက်မှာတော့  ရုရှားရဲ့ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှုကို လုံးဝ ရှုတ်ချတဲ့အကြောင်း၊ ရုရှားအစိုးရအနေနဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့၊ စစ်တပ်တွေ ပြန်ရုပ်သိမ်းထွက်ခွာဖို့ တောင်းဆိုထားပြီး  ရုရှားကို သံတမန်နည်းနဲ့ အထီးကျန်အောင် အရေးယူဖို့လည်း ပါဝင်ပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလားတူဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ယူကရိန်းပြည်သူတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေကို တခြားသူတွေထက် ပိုမိုနားလည်မျှဝေခံစားနိုင်ပြီး ယူကရိန်း ပြည်သူတွေနဲ့အတူ  ခိုင်မာစွာရပ်တည်ကာ  မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပူးတွဲအဆိုရှင်အဖြစ်ပါဝင် ထောက်ခံမဲပေးခဲ့တာလို့ ပြောကြာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူတွေအပေါ် တရားမျှတမှုမရှိတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ ဒီလုပ်ရပ်စာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို သိသာထင်ရှားစွာ ချိုးဖောက်တာဖြစ်ကြောင်းနဲ့ ယူကရိန်ရဲ့ အချုပ်အခြာအာဏာ လွတ်လပ်ရေးနဲ့ ပိုင်နက်နယ်မြေကို လေးစားဖို့ မြန်မာအနေနဲ့ တောင်းဆိုတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးကာ သိန်းနဲ့ချီတဲ့ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့အတွက် အအေးလွန်ကဲတဲ့ ရာသီဥတုမှာ လူအများ ဒုက္ခရောက်နေကြရကြောင်းနဲ့ ယူကရိန်းအပေါ် စစ်မက်ပြုတိုက်ခိုက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုတဲ့အကြောင်းလည်း မြန်မာသံအမတ်ကြီးက ကုလမဂ္ဂ အထွေထွေညီလာခံမှာ ပြောသွားပါတယ်။ 

မဲခွဲဆုံးဖြတ်မှုမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဟီ ကစ်စ်လေတာက မိန့်ခွန်းပြောရာမှာ “ယခုဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးတဲ့ နိုင်ငံတိုင်းရဲ့ မဲဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို သမိုင်းဝင် ပြန်လည် အတည်ပြုပေးခြင်း ဖြစ်ပါတယ်။ အခုလို စစ်ဖြစ်နေတဲ့အချိန်မှာ လူကြီးမင်းတို့အနေနဲ့ ငြိမ်းချမ်းရေး ပြန်ရရှိဖို့အတွက်၊ ကုလသမဂ္ဂ ပဋိညာဉ် ပြန်လည်အသက်ဝင်ရေးအတွက် ထောက်ခံမဲ ပေးလိုက်ပါ။ လုပ်ရမှာ အလွန်လွယ်ပါတယ်၊ ထောက်ခံမဲလေး ပေးလိုက်ရုံပါ” လို့ ပြောခဲ့ပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကတော့  ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို အားပေး ထောက်ခံတယ်လို့  စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ပြောကြားထားပါတယ်။ 

ခုလို ကျူးကျော်စစ်ပွဲကို ထောက်ခံတာဟာ မြန်မာနိုင်ငံအစိုးရအဆက်ဆက် စွဲကိုင်ခဲ့တဲ့ လွတ်လပ်တက်ကြွ ဘက်မလိုက်တဲ့ မူဝါဒနဲ့  ဆန့်ကျင်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013