DVB Logo
Home
Lead Story
ယူကရိန်း ပြည်သူတွေက ပေးတဲ့ သတင်းစကား
DVB
·
March 2, 2022
ယူကရိန်း ပြည်သူတွေက ပေးတဲ့ သတင်းစကား
Donate to DVB

ရုရှားရဲ့ ကျိုးကြောင်းမဲ့၊ တရားမဲ့၊ သီလမဲ့ ကျူးကျော်စစ်က ၁၉၈၉ ဘာလင်တံတိုင်း ပြိုလဲပြီးချိန်ကစလို့ အရှည်တည်တံ့လာခဲ့တဲ့ ခေတ်တခေတ်ဟာ နိဂုံးချုပ်တော့မယ့်သဘောကို ပြနေပါတယ်။  စစ်အေးလွန်ခေတ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစစအရာရာမှာ အနောက်တိုင်း အိုင်ဒီယာက ပြိုင်ဘက်ကင်း ပျံ့နှံ့တဲ့ခေတ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတကာစနစ်မှာ အမေရိကန် ပါဝါအပေါ်မှာ ဗဟိုပြုခဲ့တယ်။ ဒါပေမဲ့ ဒီခေတ်ကို တည်ငြိမ်တဲ့ခေတ်လို့တော့ မဆိုနိုင်ဘူးဆိုတာ ယူဂိုဆလားဗီးယားစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေက သက်သေပါ။ 

ဘာပဲပြောပြော အမေရိကန် ပါဝါနဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ အောင်ပွဲခံခဲ့တဲ့ခေတ်၊ နိုင်ငံတကာ စနစ်မှာလည်း ဒီမတိုင်ခင်အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပူးပေါင်းဆောင်ရွက်မှုအရာမှာ သာလွန်ကောင်းမွန်ခဲ့တဲ့ ခေတ်တခေတ်လို့တော့ ဆိုနိုင်ပါတယ်။

အမေရိကန် စူပါဝါခေတ်က သယ်ဆောင်လာတဲ့ အနောက်ကမ္ဘာခြမ်း ငြိမ်းချမ်းရေးခေတ်ဟာ တရုတ်နဲ့ အိန္ဒိယ ပါဝါတွေ ကြီးထွားလာတာနဲ့အတူ ပြန်လှုပ်လာတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဖြစ်တဲ့ စစ်မက်တွေ၊ ငွေကြေးအကျပ်အတည်းနဲ့ အနောက်ကမ္ဘာ့မှာ ကြုံရတဲ့ ဒီမိုကရေစီ အကျပ်အတည်းတွေကြောင့်လည်း ပိုပြီး ချည့်နဲ့လာခဲ့ပါတယ်။

အဆိုးရွားဆုံး အဖျက်အင်အားကတော့ ရုရှားအင်ပါယာ ပြန်လည်နိုးထလာပြီး၊ အာဏာစက်ဝန်းတွေ အပြိုင်လုတာတွေ ပြန်ဖြစ်လာတယ်။ အထူးသဖြင့် အိမ်နီးချင်းတွေအပေါ် သြဇာလွှမ်းဖို့ အပြိုင်ကြိုးစားလာကြတာပါ။ ဖြတ်သန်းလာခဲ့တဲ့ ဆယ်စုတစ်ခုအတွင်း သမ္မတ ပူတင်ရဲ့ ရုရှားဟာ အင်အားကြီးနိုင်ငံတွေကြား ပထဝီနိုင်ငံရေးမှာ ဖျက်မြင်းတစ်ကောင် ဖြစ်လာတယ်။ စည်းမျဉ်းစည်းကမ်းတွေအပေါ် တည်ဆောက်ထားတဲ့ နိုင်ငံတကာစနစ်ကို တမင်တကာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားလာတယ်။ 

ဝေဖန်သုံးသပ်သူတွေအတွက်တော့ ယူကရိန်း အကျပ်အတည်းက ဆိုခဲ့တဲ့ စနစ်အခြေပြု နိုင်ငံတကာအခင်းအကျင်းဟာ ပျက်စီးပြီး ဒီမိုကရေစီ စိတ်ကူးယဉ်ခေတ်ဟာ ပြိုကွဲသွားတဲ့ နိမိတ်ပုံပါပဲ။ ဒေးဗစ်ဘရွတ်စ်က David Brooks ရဲ့ စကားနဲ့ ပြောရရင် “သမိုင်းဟာ အရိုင်းစိုင်းခေတ် barbarism ဆီကို နောက်ကြောင်းပြန်သွား”တာပါ။

ရောဘတ်ကာဂန် Robert Kagan ရဲ့ စကားကို ပြန်ကောက်ရရင် “တောရိုင်းဝါဒ ခေါင်းပြန်ထောင်လာတာ”ပါပဲ။ ဒီလို အဆိုးမြင်တွေကို ဒီအတိုင်း လက်ခံလိုက်ရမလား၊ ကျနော်ကတော့ ဒီနေ့ အဓမ္မရဲ့ သတင်းဆိုးတွေကြားမှာ အင်အားကြီးတဲ့ ဓမ္မတရားဟာ အင်အားကောင်းကောင်းနဲ့ ရှိနေသေးတယ်လို့ မြင်ပါတယ်။ 

လက်ရှိ အကျပ်အတည်းက ဘယ်လိုနည်းနဲ့ ရှေ့တန်းရောက်လာသလဲ ဆိုတာကို ကြည့်ရအောင်။ ရိုးရိုးလေးပြောရရင် ယူကရိန်းပြည်သူအများစုရဲ့  ပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ နေထိုင်လိုတဲ့ စိတ်အခံကြောင့်ပါပဲ။ ဒါကို မလိုတမာစိတ်နဲ့ ပူတင်ဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းကို ပထမဆုံးအကြိမ် ကျူးကျော်ခဲ့တာကို မမေ့သင့်ပါဘူး။ ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားမယ်လို့ လူသိရှင်ကြား အသိပေးတာကြောင့် မဟုတ်ခဲ့ဘူး။ အဲဒီအချိန်က ရုရှားကို ထောက်ခံတဲ့ ယူကရိန်းအစိုးရက အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ ရုရှားရဲ့ ဖိအားကြောင့် ယူကရိန်း သမ္မတဟာ အီးယူနဲ့ သဘောတူညီချက်ကို နောက်ပြန်ဆုတ်တဲ့အချိန်မှာ ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြတာနဲ့ ကြုံရပါတယ်။ နောက်ဆုံး လွှတ်တော်က သမ္မတကို ဖြုတ်ချခဲ့ပါတယ်။ ဒီနောက်မှာ ပူတင်ဟာ ယူကရိန်းကို ပထဆုံး အကြိမ် ကျူးကျော်ခဲ့ပါတယ်။ 

အနောက်ကမ္ဘာ့လမ်းကြောင်းကို ရွေးချယ်တာ ယူကရိန်း တနိုင်ငံတည်း မဟုတ်ပါဘူး။ ဖြတ်သန်းလာတဲ့ ဆယ်စုနှစ် သုံးခုကို ပြန်ကြည့်ရင် ဆိုဗီယက်အဖွဲ့ဝင် နိုင်ငံဟောင်းတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပွင့်လင်း၊ လွတ်လပ်၊ ဒီမိုကရေစီ၊ ဈေးကွက် လမ်းကြောင်းကို လိုက်ခဲ့ကြပါတယ်။ 

ဒီလို ရွေးချယ်ခဲ့ကြပေမယ့် ဘယ်နိုင်ငံကိုမှ စံပြအဖြစ် ပြသဖို့ မဖြစ်နိုင်ပါဘူး။ ဘော်တစ် နိုင်ငံတွေကနေ ဘူဂေးရီးယားအထိ၊ နိုင်ငံကြီးတွေဘက်ကို ကြည့်ရင်လည်း ပိုလန်ကနေ နိုင်ငံငယ်တွေထဲမှာ မော်ဒိုဗာအထိ နိုင်ငံရေးမှာ ဒီမိုကရက်တစ်ဆန်ပြီး စီးပွားရေးဘက်မှာ ပွင့်လင်တဲ့ ဈေးကွက်အခြေပြုစနစ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟန်ဂေရီနဲ့ ပိုလန်လို့မျိုး နောက်ကြောင်းပြန်သွားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လွှမ်းခြုံပြီး ကြည့်ရင် ၁၉၈၉ ခုနှစ်ကစလို့ အနောက်တန်ဖိုးတွေဘက်ကို ဦးတည်သွားတဲ့ နိုင်ငံတွေများလာတာကို ကြည့်ရင် လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာ အထင်းသား မြင်နေရပါတယ်။ ပူတင်ဟာ ဒီမိုကရေစီလမ်းကြောင်းကို သွေးထွက်သံယို၊ ရက်ရက်စက်စက် ဖျက်ပစ်ဖို့ ကြိုးစားလာတယ်။ ယူကရိန်း၊ ဂျော်ဂျီယာက ဖြစ်နေတဲ့ ဒီမိုကရက်တစ် လှုပ်ရှားမှုတွေ၊ နောက်ဆုံး ၂၀၂၀ က ဘီလာရု ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို အထိတ်အလန့် ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုတွေ အားလုံး ရုရှားစနက်နဲ့ ဖိနှိပ်ခံရတယ်။ အခုလည်း ပူတင်က နိုင်ငံတနိုင်ငံ (ယူကရိန်း) ကို အကြောက်တရား၊ အင်အားသုံးပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းတာပါပဲ။ 

လွတ်လပ်တဲ့ နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်လိုသူတွေက တချို့အတွက် ယုံတောင် မယုံချင်စရာပါ။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့အချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ လစ်ဘရယ်ကမ္ဘာကို စီကာပတ်ကုံး ရေပက်မဝင် ကာကွယ်သွားသူဟာ အနောက်အင်အားကြီးနိုင်ငံတွေက မဟုတ်ဘဲ ကင်ညာနိုင်ငံက ကုလသံအမတ်ကြီး မာတင်ကီမာနီ ဖြစ်နေတာကိုပဲ ကြည့်ပါ။

အာဖရိကနိုင်ငံတွေ အားလုံးလိုလိုမှာ နယ်နိမိတ်မျဉ်းဆိုင်ရာ ပြဿနာတွေ ရှိနေတဲ့အကြောင်း၊ ဒီ နယ်နိမိတ်မျဉ်းတွေကို ကိုလိုနီအုပ်စိုးသူတွေက ပိုင်းခြားခဲ့တာဖြစ်ပြီး၊ လူမျိုး၊ ဘာသာစကား တူပေမယ့် ရေခြားမြေခြား ဖြစ်နေတတ်တာကို ထောက်ပြသွားပါတယ်။ ဒါပေမဲ့ အာဖရိက ခေါင်းဆောင်တွေဟာ ရှိနှင့်နေပြီးသား နယ်နိမိတ်မျဉ်းတွေနဲ့ပဲ  ငြိမ်းချမ်းစွာ နေထိုင်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒီလိုမနေဘဲ မပြည့်စုံတဲ့ နိမိတ်မျဉ်းကိစ္စကိုပဲ အပြစ်ရှာနေရင် ဘယ်တော့မှမဆုံးနိုင်တဲ့ စစ်ပွဲတွေနဲ့ သူပုန်ထမှုတွေ ကြုံရမယ်ဆိုတာကို သဘောပေါက်တာကြောင့်လို့ ဆိုပါတယ်။ အာဖရိကနိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂစနစ်ကို လေးစားလိုက်နာမယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြတယ်။

သံအမတ်ကြီး ကီမာနီရဲ့ စကားအတိအကျကတော့  “အန္တရာယ်များလွန်းတဲ့ အတိတ်စွဲရောဂါနဲ့ နိုင်ငံမြေပုံတွေကို ပြန်လည်တည်ဆောက်နေမယ့်အစား အာဖရိကနိုင်ငံတွေဟာ အာဖရိက ပြည်သူတွေ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုဆီကို ဆက်လက် ချီတက်နေကြပါတယ်။” 

ဥရောပရဲ့ အဝေးတစ်နေရာမှာ ဖြစ်နေတဲ့ တရုတ်နဲ့ ထိုင်ဝမ် ပြဿနာကိုလည်း ကြည့်လိုက်ပါ။ 

ထိုင်ဝမ် ပြည်သူတွေဟာ ပွင့်လင်း၊ လွတ်လပ်တဲ့ လစ်ဘရယ် လူ့အသိုက်အဝန်းမှာ နေလိုကြတယ်။ သူတို့ရဲ့ လက်ရှိနေထိုင်မှုပုံစံ၊ လူမှုဘဝကို ကွန်မြူနစ် အာဏာရှင်က အဆုံးသတ်ပစ်လိုက်မှာကို စိုးရိမ်ကြတယ်။

ဒီလို ပြောနေတာကြောင့် ဒီမိုကရေစီနဲ့ လစ်ဘရယ်ဝါဒက ကြုံနေရတဲ့ ပြဿနာတွေကို ဖော့ပြောဖို့လည်း မရည်ရွယ်ပါဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက လစ်ဘရယ်မဆန်သောဒီမိုကရေစီ “illiberal democracy” အကြောင်းကို ကျနော် သတိပေးခဲ့ဖူးတယ်။ မနှစ်မြို့စရာ ရုရှားလမ်းကြောင်း၊ ကျနော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ရေခြားမြေခြားကနေ ပြောင်းရွှေ့လာပြီး ကျနော် ဂုဏ်ယူစွာ နေထိုင်နေတဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ လစ်ဘရယ် ဒီမိုကရေစီတန်ဖိုးတွေ ပျက်ယွင်းနေတာကို ထောက်ပြခဲ့ပါတယ်။ 

ဖြစ်ပျက်နေတာကို ကြည့်လိုက်ရင် လစ်ဘရယ် ဒီမိုကရေစီနဲ့ စည်းမျဉ်းစည်းကမ်းကို အခြေပြု နိုင်ငံတကာအခင်းအကျင်းကို အကာအကွယ်ပေးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ 

အကြမ်းနည်း သို့မဟုတ် အင်အားသုံးသင့် သုံးရပါမယ်။ အမျိုးသားရေးဝါဒနဲ့ အများကြိုက်ဝါဒ အသံကျယ်လောင်နေချိန်ဖြစ်လို့ လစ်ဘရယ်ဝါဒဘက်က ရပ်ခံကာကွယ်မယ့်သူ ရှားပါးသယောင် ထင်ရပါတယ်။

ဒီအချိန်မျိုးမှာ လစ်ဘရယ် ဒီမိုကရေစီရဲ့ ကောင်းကျိုးထက် အပြစ်အနာတွေကိုပဲ မြင်နေတဲ့သူတွေကို ယူကရိန်းကို သွားကြည့်လိုက်ကြလို့ ပြောချင်ပါတယ်။

ယူကရိန်း ပြည်သူတွေဟာ သူတို့လိုချင်တဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်း၊ လွတ်လပ်ကမ္ဘာအတွက် အသက်ပေး တိုက်ပွဲဝင်ဖို့ ထိုက်တန်တယ်ဆိုတာကို ပြသနေပါတယ်။ 

ဖရိဒ် ဇာခါရီရာ 

(ဝါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင်  Fareed Zakaria ရဲ့  Putin’s war reminds us why liberal democracy is worth defending” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013