DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင်း အချက် ၇ ချက် ပြုပြင်ပြောင်းလဲရန် လိုအပ်
DVB
·
February 20, 2014
မွန်ပြည်နယ်တွင်း အချက် ၇ ချက် ပြုပြင်ပြောင်းလဲရန် လိုအပ်
Donate to DVB

မွန်ပြည်နယ်တွင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ မူးယစ်ဆေးဝါးကို ထိထိ ရောက်ရောက်တိုက်ဖျက်ရေးအပါအ၀င် ပြုပြင်သင့်တဲ့အချက် ၇ ချက်ကို မွန်လူငယ်ထုက ပြည်နယ်အစိုးရထံ တင်ပြလိုက်ပါတယ်။

[caption id="attachment_51974" align="alignright" width="300"]1604468_409550379191871_699422239_n မွန်ပြည်နယ် လူငယ်ဖိုရမ်မှာ လူငယ်တွေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - Mon Youth Forum)[/caption]

လက်ရှိအစိုးရသစ်လက်ထက် ၃ နှစ်နီးပါးကာလအတွင်းမှာ အရင်ကာလတွေထက် ပြောဆိုခွင့် အထိုက်အလျောက် လွတ်လပ်လာတဲ့အတွက် မွန်ပြည်နယ်က လူငယ်တွေ တိုင်ပင်ဆွေးနွေးရာကနေ ပြောင်းလဲလုပ်ဆောင်သင့်တဲ့အချက်တွေ ထွက်ပေါ်ခဲ့တာပါ။

အဲဒီ ၇ ချက် ကတော့ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ ပြည်သူတွေမှာ ဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးနေတာ၊ လူငယ်တွေကြား မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်လာတာတွေ၊ အလုပ်အကိုင် ရှားပါးမှုပြဿနာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နည်းပညာဆက်သွယ်ရေး လိုအပ်နေသေးတဲ့ အချက်နဲ့ ပညာရေး အထောက်ကူပြု လိုလားချက်၊ တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ သဘာ၀၀န်းကျင်ထိန်းသိမ်းရေး ပညာပေးမှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီ ၇ ချက်ကို အစိုးရအနေနဲ့ အလျင်အမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ မွန်ပြည်နယ်လုံးဆိုင်ရာဖိုရမ် ဖြစ်မြောက်ရေးတာဝန်ခံကို ကြည်ဇော်လွင်က ပြောပါတယ်။

ဒီတောင်းဆိုချက်ပါ ဖိုရမ်ရဲ့ ထုတ်ပြန်ချက်ကို မွန်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာလှဦးကို ပေးအပ်ခဲ့ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဖော်ဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်နေ့တွေက ၂ ရက်တာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် မွန်ပြည်နယ် လူငယ်ဖိုရမ်မှာ မွန်၊ ကရင်၊ ဗမာနဲ့ ပအိုဝ် စတဲ့ လူငယ်ပေါင်း ၁၅၀ တက်ရောက်ဆွေးနွေးကြပါတယ်။

မွန်ပြည်နယ်တွင်းက လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု များနေတဲ့အခြေအနေကို ဦးကြည်ဇော်လွင်က အခုလို ပြောပါတယ်။

“အဆိုးဆုံးက အရောင်းအ၀ယ်နဲ့ ဆေးစွဲတာပေါ့နော်။ ဆေးစွဲတဲ့နေရာတောင်မှာ စာမေးပွဲဖြေနေတဲ့ စာသင်ခန်းတွေတောင်မှ တကယ့်ကို မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အနေအထားတွေ တွေ့နေရတယ်။ အခြေခံပညာ ကျောင်းသားတွေမှာ မူးယစ်ဆေးဝါးတွေ သုံးစွဲနေတယ်။ နောက်တခါ မူးယစ်ဆေးဝါးတွေ သုံးစွဲတဲ့အခါမှာ ရဲတွေ အရေးယူတဲ့အခါမှာ ကျောင်းသားတွေကို တန်ဆာခံ လုပ်ပြီးတော့ အရေးယူမှုတွေ လုပ်နေတယ်။ ကျောင်းတွေ တော်တော်များများမှာ၊ လူငယ်တွေ တော်တော်များမှာ အနည်းဆုံး ၄၀ ကျော် ၅၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အနေအထားဖြစ်နေတယ်လို့ ဆွေးနွေးကြတယ် ခင်ဗျ။”

မွန်ပြည်နယ်လူငယ်တွေရဲ့ တောင်းဆိုချက် ခေါင်းစဉ် တခုချင်းစီပေါ် အကျယ်တ၀င့် ရှင်းလင်းတဲ့ စာအုပ်တအုပ်လည်း မကြာခင်ထုတ်ဝေနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒီအပြောင်းအလဲတွေ ဖြစ်လာအောင် အစိုးရကိုချည်း အားကိုးမနေဘဲ လူငယ်တွေဘက်ကလည်း တဖက်တလမ်းက ၀ိုင်းဝန်းဆောင်ရွက်သွားမယ်လို့ ဦးကြည်ဇော်လွင်က ပြောပ့ါတယ်။

အနာဂတ်မှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေအတွက် လူငယ်တွေရဲ့ လွတ်လပ်မှုဟာ အရေးပါတယ်လို့ ပြောပါတယ်။

“အင်အားစုတွေအချင်းချင်း ပြိုင်ဆိုင်တာတွေ၊ တိုင်းရင်းသား အချင်းချင်းကြားထဲမှာ ရှိနေတဲ့ ပြဿနာတွေ ညှိနှိုင်းလို့ မရတဲ့ ပြဿနာမျိုးတွေက အတွေးအခေါ်တွေအရ တခုခု လွှမ်းမိုးမှု ရှိတယ်လို့ ကျနော်တို့က မြင်တယ်။ အဲဒီ လွှမ်းမိုးမှုတွေက လူငယ်တွေအထိ လက်ဆင့်ကမ်း သယ်ဆောင်နေကြပြီ။ ဒါဆိုလူငယ်တွေ လာမယ့် ၁၀ စုနှစ်အတွင်းမှာ ခေါင်းဆောင်မှုနေရာ ယူလာရင်လည်း ဒီပြဿနာတွေကို ဆက်လက်သယ်ဆောင်သွားသလို ဖြစ်နေမယ်။ အားလုံးကို တိုက်တွန်းချင်တာက ကျနော်တို့ လူငယ်တွေကို လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့် ပေးပါ။ ကျနော်တို့ရဲ့ အတွေးအခေါ်တွေနဲ့ လွတ်လပ်စွာ ကျနော်တို့ အနာဂတ်ကို ပုံဖော်ခွင့်ပေးပါလို့ ကျနော် ပြောချင်ပါတယ်။ ”

ဒီဖိုရမ်မှာ မွန်ပြည်နယ်လူငယ်ကွန်ရက်တခု ထူထောင်ရေး အစပြုနိုင်ခဲ့ပါတယ်။ ရှေ့လမှာကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံမှာ တက်ရောက်ဖို့ မွန်ပြည်နယ် ကိုယ်စားပြုကိုယ်စားလှယ် ၁၅ ဦးရွေးခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖိုရမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက မော်လမြိုင်မှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013