စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြို့မရဲစခန်းကို မတ် ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြို့မရဲစခန်းကို ဒရုန်းယာဉ်နဲ့ ကောင်းကင်ကနေ မိုင်းချတိုက်ခိုက်ခဲ့တာလို့ ဒီပဲယင်းမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
“ချတာက ကျကွဲမိုင်း ၇ လုံး ချခဲ့တယ်။ (-) တွေ ပြာယာခတ်သွားတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အထိခိုက်မရှိခဲ့ဘူး။ သူတို့ဘက်ကတော့ ရဲစခန်းထဲ တည့်တည့်မတ်မတ် အချခံရတာဆိုတော့ (-) တွေ၊ အဆောက်အုံ ပျက်စီးထိခိုက်တာတွေ ရှိမယ်။ ကျနော်တို့ ဒီနေ့မနက်ခင်း သတင်းအတိကျရတာကတော့ ရဲ ၇ ယောက်သေလို့ ဒီနေ့မနက်ခင်းက သင်္ဂြိုဟ်တာတွေ လုပ်သွားတယ်။”
ဒီပဲယင်းရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် အထိခိုက်အကျဆုံး အခြေအနေကို စစ်ကောင်စီဘက်က မထုတ်ပြန်သေးပါဘူး။
ဒီပဲယင်းမြို့မရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ကောင်းကင်၊ စွယ်တော်၊ ဇာမဏီ စတဲ့ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။