
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်က အရပ်သား အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ရောက်ရှိ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တယောက်က အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးကို အတင်းဆွဲခေါ် အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ညနေဘက် ဟင်းသီးဟင်းရွက်တွေခူးပြီး ပြန်လာတဲ့ ကောင်မလေးကို အတင်းဖမ်းခေါ် အဓမ္မကျင့်တာ။ စစ်သားလို့ ပြောပါတယ်။ သေချာ ထပ်ကာထပ်ကာ မေးတော့ စစ်အာဏာရှင်တပ်သားလို့ ပြန်ပြောပြတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်က အဓမ္မပြုကျင့်တာကို အမျိုးသမီးအနေနဲ့ လုံးဝ သတင်းဖုံးထားဖို့ ပြောထားပြီး သတင်းပေါက်ကြားလာပါက မိသားစုလိုက် ပစ်သတ်ခံရမယ်လို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်က ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးနဲ့ နီးစပ်သူက “ဘာမှမလုပ်ရဲလို့ ဒီအတိုင်း နေနေရတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးနဲ့ မိသားစုက တော်တော်ဆင်းရဲနွမ်းပါးတယ်” လို့ ပြောပါတယ်။
အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်နဲ့အတူ တခြားတပ်သား ၃ ယောက်လောက်လည်း ပါလာပြီး ချုံခိုကွယ်ကာ စောင့်ပေးနေခဲ့တာလို့ ဆိုပါတယ်။
အရပ်သား အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ တပ်ဖွဲ့ဝင် အပါအဝင် တပ်သားအများအပြားဟာ လေးမျက်နှာမြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ရောက်ရှိ တပ်စွဲထားတာ ရက် ၂၀ ကျော်လောက် အထိ ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်သားတွေက အရပ်သားတွေ အသွားအလာများတဲ့ နေရာတွေကို အဓိကထားပြီး စစ်ကြောင်းထိုးကာ ထင်းခုတ်၊ ဝါးခုတ်၊ အသားငါးရှာ၊ ဟင်းသီးဟင်းရွက်ခူးတဲ့ အရပ်သား အမျိုးသားတွေကို ဖမ်းဆီး၊ အမျိုးသမီးတွေကို အခုလို အဓမ္မပြုကျင့်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။











