ရုရှားတပ်ဖွဲ့တွေဟာ ဒွန်းနက်စ်ခ်ဒေသရှိ ရပ်ရွာဒေသတခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဇူလိုင် ၂၈ ရက်မှာ ရုရှားဘက်က ပြောကြားခဲ့သလို ယူကရိန်းဘက်ကလည်း ရုရှားစစ်ဘက်ဆိုင်ရာ စခန်းအများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့ တွေဟာ ယူကရိန်းရဲ့ ခဲယမ်းမီးကျောက် ဂိုဒေါင်တွေ၊ စက်သုံးဆီဂိုဒေါင်တွေ၊ ဒရုန်းထုတ်လုပ်ရေး အလုပ်ရုံတွေနဲ့ ဒရုန်းသိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ယူကရိန်းစစ်တပ် အသုံးပြုနေတဲ့ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေ၊ နေရာ ၁၄၂ ခုမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေနဲ့ နိုင်ငံခြားကြေးစားစစ်သားတွေရဲ့ ယာယီစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဒွန်းနက်စ်ခ်ဒေသရှိ ကရာစ်နီကွတ်ဒေသကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်တပ်ဆီ ရိက္ခာနဲ့လက်နက် ထောက်ပံ့ရာမှာ အသုံးပြုနေတဲ့ ဆိပ်ကမ်းတွေနဲ့ သင်္ဘောတွေကိုလည်း တနေကုန် တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တနေ့တည်းမှာပဲ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန်ခဲ့ရာမှာ ရုရှား စစ်ဘက်ဆိုင်ရာ စခန်းအများအပြားကို တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အဓိကကတော့ ရုရှားနိုင်ငံ အု(ဒ်)မားတ် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ စက်သုံးဆီ သီးသန့်သိုလှောင်ထားတဲ့ ဗျူဟာမြောက်စခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗျူဟာမြောက် ရေနံဂိုဒေါင်တွေအပြင် ယူကရိန်းတပ်ဖွဲ့တွေဟာ ဒေသအများအပြားမှာရှိတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ဂိုဒေါင်တွေ၊ စက်သုံးဆီနဲ့ ချောဆီ သိုလှောင်ရုံတွေအပြင် ဒရုန်းဂိုဒေါင်တွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။










