DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များကို စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်နေသဖြင့် နေရာအကြိမ်ကြိမ် ပြောင်းရွှေ့နေကြရ
DVB
·
March 1, 2022
ကရင်နီစစ်ရှောင်များကို စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်နေသဖြင့် နေရာအကြိမ်ကြိမ် ပြောင်းရွှေ့နေကြရ
1 / 3
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်မှာ  စစ်ကောင်စီတပ်တွေက မြေပြင်မှာတိုးချဲ့ထိုးစစ်ဆင်မှုနဲ့ ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေထပ်မံ နေရာပြောင်းရွှေ့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်တွေအများစု သွားရောက်ခိုလှုံနေတဲ့ လိုဘာခိုကျေးရွာနဲ့ အနီးတဝိုက်နဲ့ စစ်ရှောင်စခန်းအနီးမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းအစောပိုင်းက စစ်ကောင်စီ ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  အဲဒီဒေက စစ်ရှောင်တွေ လွှတ်မယ်ထင်တဲ့နေရာကို ထွက်ပြေး တိမ်းရှောင်နေရပြန်ပါတယ်။

ဒီကနေ့မှာလည်း စစ်ရှောင်တွေအများစုနေထိုင်တဲ့ မြလဲကျေးရွာအုပ်စု လွိုင်နန်းဖ ကျေးရွာဘက်မှာ ဒီကနေ့မနက်ပိုင်း တိုက်ပွဲဖြစ်ပွားတဲ့အတွက်လည်း အဲဒီရွာနဲ့အနီးအနားတဝိုက်က စစ်ရှောင်တွေ ထပ်ပြီး နေရာရွေ့ပြောင်းနေရတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့  Humanitarian တာဝန်ခံ ကိုဗညားက ပြောပါတယ်။

“ဒီမနက်ကလည်း လွိုင်နန်းဖဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လွိုင်နန်းဖဘက်ကိုဝင်လာပြီပေါ့နော်။ ကျနော်တို့ မျှော်လင့်ထားတာက အဲဒီအထိလာ မှာမဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ သူတို့ လွိုင်နန်းဖအထိကို ဒီမနက် စစ်ပွဲတွေ တိုက်ပွဲနဲ့  သူတို့ ရောက်လာတော့ အဲဒီကတည်း ကျနော်တို့မနေ့က တနေ့ကပဲ ဒီရက်အပါအဝင် ဒီ လွိုင်နန်းဖ တခွင့်မှာရှိနေတဲ့ စစ်ဘေးရှောင်တွေက ဟိုးတခြားတနေရာကို အစုလိုက်၊ အစုလိုက်၊ ဆက်တိုက် ပြောင်းနေတာရှိတယ်ပေါ့နော်။ နောက်သိတဲ့အတိုင်းပဲ လိုဘာကိုခိုမှာ ပြောင်းနေတဲ့လူတွေအပေါ်မှာ နောက်ထပ် ဗုံးထပ်ကြဲတော့ အခုလူတွေက တအားကြောက်တော့ ရှောင်တဲ့သူတွေတောင် ကျနော်တို့လည်း ခန်းမှန်းလို့မရတော့ပါဘူး”။ 

တချို့စစ်ဘေးရှောင်တွေက လွိုင်နန်းဖဘက်ကနေ လိုဘာခိုဘက်ကိုထွက်သွားသူတွေရှိသလို တချို့လည်းဖရူဆိုနဲ့ ဒီးမော့ဆိုအတွင်းပိုင်း ပြန်ဝင်သူတွေနဲ့လည်းရှိနေပြီး လတ်တလော စစ်ဘေးရှောင်တွေဟာ နေရာအနှံ့အပြားမှာ ပြန့်ကျဲနေကာ အကူအညီတွေလိုအပ်နေတဘ်လို့လည်း ပြောပါတယ် ။ 

“အခုက ပြည်နယ်အလယ်ပိုင်းတခွင်လုံး ရွှေ့သွားတော့ ကျနော်တို့ အခက်အခဲဆုံး ပြဿနာက ရွှေ့တိုင်း၊ ရွှေ့တိုင်းမှာ ကျနော်တို့ အမိုးအကာက ပြဿနာတက်တယ်ပေါ့နော်။ စားနပ်ရိက္ခာကိုလည်း အများကြီးမသယ်နိုင်ဘူး။ အများကြီး ချန်ထားခဲ့ရတာ ရှိတယ်။ အခု ကျနော်တို့ အရမ်းစိုးရိမ်တာတခုက အခု နေ့ခင်းပိုင်း အရမ်းပူပြီး၊ ညပိုင်းလည်း အရမ်းအေးတဲ့အတွက်ကြောင့် သူတို့အတွက် စောင်တွေ၊ အမိုးအကာမလုံလောက်မှုက စိုးရိမ်စရာတခု ရှိတယ်။ နောက်တခုက ပြန့်ကျဲနေတဲ့အခါကျတော့ စားနပ်ရိက္ခာနဲ့ ဆေးကုသမှုပေးနိုင်ဖို့ အခက်အခဲဖြစ်သွားတာပေါ့နော်။ အခုလည်းမငြိမ်ဘူးလေ။ ဟိုမှာရောက်လိုက်၊ တရက် နှစ်ရက်နေရင် ထပ်ပြောင်းလိုက် တနေရာရွှေ့လိုက်၊ တရက် နှစ်ရက်နေရင် ထပ်ရွှေ့လိုက်တော့ ကျနော်တို့ကလည်း အဲဒါကို ဘာအခက်အခဲဖြစ်လို့ ဘာကူညီပေးရမှာလဲတောင်မှ မသိတဲ့ အခြေအနေတခုကို ရောက်ရှိတယ်။”

စစ်ရှောင်နေရာတခုကနေ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လွိုင်နန်းဖကို ရွှေ့ပြောင်းလာတဲ့ ကလေး ၆ ဦးမိခင်ကလည်း “ကျမ အခု လွိုင်နန်းဖကနေ ဘယ်ကို ပြေးရလဲမသိတော့ပါဘူး။ ကားရှိတဲ့သူ နောက်ကိုပဲ သွားသွားတဲ့နေရာနောက်လိုက်ရမှာပေါ့” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်တွေဟာ လျော့မသွားဘဲ နေ့စဉ်တိုးလာနေပြီး အခုဆိုရင် ပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ ၁၈၀,၀၀၀ လောက်ရှိလာပြီလို့လည်း Karenni Humanitarian Team ကပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ လျော့မသွားဘဲ နေ့စဉ်တိုးလာလို့ လိုအပ်ချက်တွေလည်း များလာပါတယ်။ အဓိကလိုအပ်ချက်တွေကတော့ တဲထိုးဖို့ မိုးကာ၊ ရေ၊ ဆန်နဲ့ စားစရာတွေပေါ့။ ဘယ်အချိန် အိမ်ပြန်ရမှန်းမသိပေမဲ့ ကျနော်တို့ အားတင်းထားမှာပါတဲ့။ မှီခိုအားကိုးစရာ အလှူရှင်တွေပဲ ရှိတဲ့အတွက် ကရင်နီစစ်ရှောင်တွေကိုလည်း မမေ့ကြပါနဲ့လို့ တောင်းဆိုပါရစေ။”

အရင်က စစ်ရှောင်တွေအတွက် နိုင်ငံတကာအကူအညီ အနည်းအကျဉ်းရပေမဲ့ အခုလုံးဝ မရှိတော့တဲ့နေအထားဖြစ်တဲ့အတွက် ပြည်သူအချင်းချင်းကူညီဖို့လည်း အကူအညီပေးရေးအဖွဲ့က တိုက်တွန်း ပြောပါတယ်။ 

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကလည်း  ပြည်သူနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာဆိုင်ရာ အစီအမံအတွက် ဒီကနေ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဲဒီ သတိပေးချက်ထဲမှာ စားနပ်ရိက္ခာတွေ ပြုစုထားဖို့၊ ဆန်စပါးပြောင်းနဲ့ ပဲအမျိုးမျိုးတို့ကို စနစ်တကျ စုဆောင်းသိုလှောင်ထားဖို့၊ မိသားစုဝင်တွေအတွက် ၃ ရက်စာ ဆန်ဆီဆားနဲ့ အခြေခံ ဆေးဝါးတွေ စနစ်တကျ စုဆောင်းထားဖို့၊ ပြည်သူအချင်းချင်း အပြန်အလှန်မျှဝေ ကူညီကာ ကနဦး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်းပေးဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာပြတ်တောက်ပါက နီးစပ်ရာ ကျေးရွာကော်မီတီနဲ့ စစ်ဘေးရှောင် စခန်းကော်မီတီဆီ အကြောင်းကြားဖို့၊ သက်ကြီးရွယ်အို၊ နာမကျန်းလူနာ၊ အသက် ၁၆ နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်နဲ့ နို့တိုက်မိခင်ကို ဦးစားပေးဖို့နဲ့ ဆန်ရေစပါး အများအပြား အသုံးပြရမယ့်  မွေးမြူရေးလုပ်ငန်းနဲ့  သရေစာထုတ်လုပ်ကုန် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့လည်း အထူး ပန်ကြားထားပါတယ်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ကို စစ်ကောင်စီက ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဒီးမော့ဆိုမြို့နယ်အတွင်းပိုင်းအထိ  ဆက်လက်အင်အားတိုးချဲကာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေ ပိုပြီး အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013