DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ အထိုက်အလျောက် ဖြေလျော့ပေး
DVB
·
February 19, 2014
ပုဒ်မ ၁၈ အထိုက်အလျောက် ဖြေလျော့ပေး
Donate to DVB

ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ဆန္ဒပြခွင့် ပုဒ်မ ၁၈ နဲ့ ပတ်သက်လို့ အထိုက်အလျောက် ဖြေလျော့ပေးပေမယ့် ဆန္ဒပြသမားတွေအဖို့ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်ထံက ခွင့်ပြုချက်ရယူကြရမယ်လို့ ပြည်သူ့လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းလိုက်ပါတယ်။

[caption id="attachment_51951" align="alignright" width="300"]ပုဒ်မ ၁၈ ဖျက်သိမ်းရေးအတွက် ဆန္ဒပြ တောင်းဆိုနေစဉ် ပုဒ်မ ၁၈ ဖျက်သိမ်းရေးအတွက် ဆန္ဒပြ တောင်းဆိုနေစဉ်[/caption]တက်ကြွလှုပ်ရှားသူတွေဘက်က အကျယ်အပြန့်ဝေဖန်တာကို ခံနေရတဲ့ ပုဒ်မ (၁၈) နဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက သုံးသပ်ခဲ့တာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကို တင်သွင်းလိုက်တာပါ။

ဥပဒေကြမ်းကော်မတီဟာ ဥပဒေပုဒ်မပါ ပြင်ဆင်ချက် ၁၉ ချက်တို့ကို စိစစ်ခဲ့ကြပြီး ပြည်သူတို့၏ အခွင့်အရေးများ မဆုံးရှုံးစေဖို့၊ ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် ရရှိစေဖို့နဲ့ ပြစ်ဒဏ်သတ်မှတ်ချက်တွေ လျော့ချဖို့တို့ကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းမှာ ဆန္ဒပြသမားတွေ ဆန္ဒပြဖို့အတွက် တိုင်းအဆင့်၊ ပြည်နယ်အဆင့်ထိ တင်ပြစရာမ လိုတော့ဘဲ မြို့နယ်အဆင့်ကိုသာ တင်ရတော့မယ်လို့ ဆိုပါတယ်။ ဒီလို တင်ပြတဲ့အခါ ခွင့်ပြုပိုင်ခွင့်၊ ငြင်းပယ်ပိုင်ခွင့်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ရှိတော့မှာပါ။

အခု ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာအရ ဆန္ဒပြဖို့ တင်ပြတိုင်း ခွင့်ပြုချက် ချပေးတော့မှာလားလို့ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့တင်လိုက်တဲ့ဟာက ပတ်ဝန်းကျင်မှာ၊ ဆန္ဒပြမယ့်နေရာမှာ အေးချမ်းစွာ နေထိုင်တဲ့ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်၊ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်၊ စတဲ့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိရင်တော့ အတည်ပြုချက်မပေးဘဲနဲ့ ငြင်းပယ်တာ လုပ်နိုင်တယ်။ ဒါနဲ့ပတ်သက်လို့ အကြောင်းပြချက်က လုံလောက်မှုမရှိဘူးဆိုရင်တော့ ပေးကိုပေးရမယ်။”

စီတန်းလှည့်လည်ဖို့ ခွင့်ပြုချက်တောင်းခံလာရင် သက်ဆိုင်ရာရဲစခန်းဟာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုချက် ချပေးမှာ ဖြစ်ပါတယ်။

တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အကြောင်းပြချက် မခိုင်လုံပဲပယ်ချရင် ဌာနဆိုင်ရာစည်းကမ်းအရ အပြစ်ပေးအရေးယူလို့ ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပယ်ချမယ်ဆိုရင် ပယ်ချသူရဲ့ အပြစ်ပဲ ဖြစ်ပါတယ်။ ဋ္ဌာနဆိုင်ရာ စည်းကမ်းအရ သူ့ကိုလည်း အပြစ်ပေး အရေးယူနိုင်ပါတယ်။ အဲဒါတွေလည်း ဆွေးနွေးထားပါတယ်။ အဲဒါက နည်းဥပဒေမှာ ပါတာဖြစ်ပါတယ်။ ”

ဥပဒေမှာ ပါရှိတဲ့ ခွင့်ပြုမိန့်ဆိုတာကိုလည်း ခွင့်ပြုချက်လို့ ပြောင်းလဲအစားထိုးလိုက်ပြီး ချမှတ်နိုင်တဲ့ ထောင်ဒဏ်တွေကိုလည်း ထက်ဝက်လျှော့ချလိုက်ပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ဥပဒေကြမ်း ကော်မတီရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် ပေးပို့ဖို့ရှိပြီး အသေးစိတ် ပြောဆိုဖို့ စောသေးတယ်လို့ ပြောပါတယ်။

ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ အချက်တွေကို ဖေဖော်ဝါရီ ၂၃ ရက် နောက်ဆုံးထား ပေးပို့ကြရမှာ ဖြစ်ပါတယ်။

ငြိမ်းစုစီဥပဒေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ အကျေအလည် ဆွေးနွေးပြီးရင် အမျိုးသားလွှတ်တော်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြင်ဆင်လိုရင် ပြင်ဆင်ဦးမှာဖြစ်ပြီး လွှတ်တော် ၂ ရပ်စလုံးက သဘောမတူတဲ့ အချက်တွေရှိရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013