DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေဈေး အနည်းငယ် ပြန်ကျ
DVB
·
February 28, 2022
မြန်မာရွှေဈေး အနည်းငယ် ပြန်ကျ
Donate to DVB

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်တဲ့အချက်အလက်အရ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မွန်းလွဲ  ၂နာရီခွဲ  ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၉၉ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်း အကယ်ဒမီရွှေစျေးက တကျပ်သားကို ၁၉ သိန်း ၂ သောင်း ၇ ထောင်ကျပ်ရှိပါတယ်။

ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်ဝင်တိုက်ခဲ့တဲ့ စစ်ပွဲနောက်ဆက်တွဲ ဆိုးကျိုးကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲလောက်က  ကမ္ဘာ့ရွှေစျေးကွက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၄၂ ဒေါ်လာရှိခဲ့ပြီး ပြည်တွင်းအကယ်ဒမီရွှေစျေးကလည်း တကျပ်သားကို ၁၉ သိန်း ၃ သောင်း ၆ ထောင်ကျပ် ရှိခဲ့ပါတယ်။

ကမ္ဘာ့စျေးနှုန်းမြှင့်လာရင် ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်လေ့ရှိပေမဲ့ လက်ရှိ အခြေအနေမှာတော့ တစ်ကျပ်သားကို ကျပ် ၂၀ သိန်းအထိ ဖြစ်လာဖို့က ယတိပြတ်ပြောလို့ မရသေးဘူးလို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ် ပြောပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး နှစ်ပေါင်း ၃ဝ ကျော် ရွှေဝယ်ရောင်းလုပ်ကိုင်လာသူတဦးက “ကမ္ဘာ့ရွှေစျေးတက်လို့ပဲ မြန်မာ့ရွှေစျေးက လိုက်တက်သွားတာပေါ့နော်။ အဓိက ကတော့လေ။ ဒါပေမဲ့ ဟိုတချိန်ကလို မြန်မာ့ရွှေစျေး ၂၂ သိန်းကျော်သွားရတာက ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့်ပါ။ ပြည်တွင်းမှာ ဖြစ်သွားခဲ့တာက အကြောက်တရားကြောင့် ဖြစ်ရတာပါ။ အခုကတော့ ကမ္ဘာ့ပြဿနာကြောင့် ပြည်တွင်းမှ လူတွေကလည်း ကိုယ်တွေနဲ့အလှမ်း ဝေးနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်တာကြောင့်လဲ ပါမယ်ထင်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့အချိန်တုန်းကလို မြန်မာ့ရွှေစျေးက မတက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရပါတယ်။ သို့သော်လည်း ဒီစစ်မီးက တဖြည်းဖြည်း တောက်လောင်လာတယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါကြောင့် လောလောဆယ်မှာ မြန်မာ့ရွှေစျေးက သိန်း ၂ဝလောက်အထိ ဖြစ်လာဖို့က မှန်းလို့ မရသေးပါဘူး။ ပြီးတော့ ဒီမှာက ဒေါ်လာငွေကြေး လဲလှယ်မှုလည်း ပါတယ်နော်။ ဒေါ်လာလဲလှယ်တဲ့တန်ဖိုးက အထိုက်အလျောက် မြင့်တက်လာပြီး ၂၀၀၀ ဘာတွေ ကျော်သွားရင်တော့ တမျိုးပေါ့။ မကျော်ဘူးဆိုရင်တော့ သိန်း ၂၀ အထိဖြစ်လာနိုင်ဖို့က ယတိပြတ်မှန်းလို့မရနိုင်သေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ယခင်က အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းမှ နေထိုင်သူတွေက အကြောက်တရားနဲ့ ရွှေတွေကို ဝယ်ယူစုဆောင်းတာတွေ ရှိခဲ့ကြပေမယ့် လက်ရှိမှာတော့ ထင်သလောက် ဝယ်ယူစုဆောင်းမှု မရှိဘူးလို့ သိရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးကလည်း “ဝယ်လိုအား၊ ရောင်းလိုအားကတော့ အခုက မျှနေတယ်လို့ ပြောလို့ရပါတယ်။ မျှနေတယ် ဆိုတာက ပွင့်လင်းရာသီဖြစ်တာကြောင့် ပြည်တွင်းမှာရှိတဲ့ ရွှေမိုင်းတွေကနေ ရွှေတွေကတော့ ထွက်ပါတယ်။ ဒါပေမဲ့ ကိုဗစ်နဲ့ ကိုစစ် ပြဿနာတွေကြောင့် လူတွေရဲ့ စီးပွားရေးက မကောင်းကြဘူးလေ။ ဒါကြောင့် ဝယ်လိုအားက ထင်သလောက်တော့ မရှိဘူး။ အဲဒီအတွက်ကြောင့် ထွက်လာတဲ့ ရွှေက ဝယ်လိုအားနဲ့ ရောင်းလိုအားကို မျှတမှု ရှိစေတာ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013