DVB Logo
Home
မြန်မာသတင်း
ဇွဲကပင်ပိုင်ရှင် လက်ရောက်ကျူးလွန်မှု ကာယကံရှင် တရားစွဲဆိုခွင့်ရှိ
DVB
·
February 18, 2014
ဇွဲကပင်ပိုင်ရှင် လက်ရောက်ကျူးလွန်မှု ကာယကံရှင် တရားစွဲဆိုခွင့်ရှိ
Donate to DVB

ဇွဲကပင် ဘောလုံးအသင်းပိုင်ရှင် ဦးလှဌေးက ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်မှာ မြန်မာဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိရင် ကာယကံရှင်ကိုယ်တိုင် တရားစွဲဆိုခွင့်ရှိတယ်လို့ ဒိုင်အဖွဲ့က ပြောပါတယ်။

[caption id="attachment_51897" align="alignright" width="300"]ဒိုင်လူကြီး ဦးလှမင်း (ဓာတ်ပုံ - Aung Thu Hein) ဒိုင်လူကြီး ဦးလှမင်း (ဓာတ်ပုံ - Aung Thu Hein)[/caption]

ဒိုင်လူကြီး ဦးလှမင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ ပုဂ္ဂိုလ် တဦးတည်းကိုသာမက ဒိုင်အဖွဲ့တခုလုံး ကိုလည်း စော်ကားရာရောက် လို့ အဖွဲ့က မကျေ မနပ်ဖြစ်နေကြတာပါ။ ဒီနေ့မှာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကျလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီလ ၁၅ ရက်နေ့က ဇွဲကပင်အသင်းနဲ့ ရတနာပုံအသင်းတို့ ပြိုင်ပွဲအပြီးမှာ ဇွဲကပင် ဘောလုံးအသင်းပိုင်ရှင် ဦးလှဌေးက ဒိုင်ကို ပါးရိုက်ခဲ့တာပါ။ ဒီဖြစ်စဉ်ကို အခင်းဖြစ်ပြီး နောက်နေ့မှာ ဒိုင်အဖွဲ့က ရေးသားပြီး မြန်မာဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီ ပေးပို့တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒိုင်အဖွဲ့ ဒါရိုက်တာ ဦးထွန်းလှအောင်က ဘောလုံးပွဲကဖြစ်စဉ်ကို ဒိုင်အဖွဲ့အနေနဲ့ အပြင်မှာ အမှုဖွင့်လို့မရပေမယ့် ကာယကံရှင်မကျေနပ်ရင်တော့ အပြင်မှာ ကိုယ်တိုင်အမှုဖွင့်လို့ ရတယ်လို့ ပြောပါတယ်။

အဲ့ဒီနေ့က ပထမပိုင်းမှာ ဇွဲကပင်အက်ဖ်စီက ၁ ဂိုးအသာနဲ့ အနိုင်ရနေပြီး ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ ပင်နယ်တီ ၂ လုံးကြာင့် ရတနာပုံအသင်းကို ရှုံးနိမ့်ခဲ့ရတာပါ။ ပင်နယ်တီပေးတဲ့အပေါ် မကျေနပ်လို့ ဒီပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူတဲ့ ဦးလှမင်းကို ရိုက်ခဲ့တာလို့ သတင်းတွေက ရေးပါတယ်။

ဦးလှမင်းကတော့ ပင်နယ်တီပေးခဲ့တာဟာ သူ့စည်းကမ်းဘောင်ထဲကနေ ပေးခဲ့တာပါလို့ ပြောပါတယ်။

ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဘောလုံးစည်းကမ်းဥပဒေတွေအရ သက်ဆိုင်ရာအဖွဲ့ကို တိုင်ကြားသင့်ပြီး ကိုယ်ထိလက်ရောက် မပြုမူသင့်ဘူးလို့ ဆိုပါတယ်။

ကွင်းလယ်ဒိုင် ဦးလှမင်းနဲ့ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးတို့ဟာ အရင်က ဖူဆယ် ဘောလုံး တိုးတက်မှုအတွက် အတူတူ အကူအညီပေးခဲ့ဖူးပြီး ဆရာတပည့်လို ဆက်ဆံခဲ့ကြတာလို့ ဆိုပါတယ်။

ဒိုင်က လာဘ်စားတယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာလည်း သူ့အနေနဲ့ ဘာမှမဖြေရှင်းချင်ကြောင်းနဲ့ အထောက်အထားနဲ့သာ ပြောဆိုသင့်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

သူ့အနေနဲ့ ပုဂ္ဂလိက ဆန္ဒအရ တရားစွဲဆိုခွင့် ရှိပေမယ့် ရုန်းထကာစ ဘောလုံးလောက မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လည်း ကြည့်ရသေးတယ်လို့ သူက ပြောပါတယ်။ တရားစွဲမစွဲ ကြိုတင် မပြောလိုသေးဘဲ စည်းကမ်းထိန်းသိမ်းရေး ဆုံးဖြတ်ချက်ကို စောင့်ကြည့်မယ်လို့ ပြောပါတယ်။

ပြည်တွင်းအားကစား စာစောင်တချို့ကတော့ ဘောလုံးကွင်းအတွင်းက ဘောလုံးစည်းမျဉ်းဥပဒေနဲ့ အရေးယူတဲ့အခါ အသင်းပိုင်ရှင်အနေနဲ့ ငွေဒဏ်လောက်ပဲ ချမှတ်ခံရဖွယ်ရှိတယ်လို့ ရေးသားနေကြပါတယ်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေမှာ ဒိုင်လူကြီးကို မကျေနပ်လို့ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး ပါးရိုက်တာဟာ ပထမဆုံး ဖြစ်ပွားခဲ့တာပါ။ အရင်တုန်းကတော့ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက သတင်းထောက်တဦးကို ပါးရိုက်ခဲ့ဖူးပြီး တရားရုံးက ဒဏ်ငွေ ၁၀၀၀ ကျပ် သတ်မှတ်ခဲ့ဖူးပါတယ်။

အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013