DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကင်တာနားကို တင်ပြ
DVB
·
February 18, 2014
လက်ပံတောင်းဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကင်တာနားကို တင်ပြ
Donate to DVB

လက်ပံတောင်းဒေသခံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားကို တင်ပြခဲ့ကြပါတယ်။

[caption id="attachment_51894" align="alignright" width="300"]မစ္စတာ ကင်တားနားနှင့် လက်ပံတောင်းဒေသခံများ မစ္စတာ ကင်တားနားနှင့် လက်ပံတောင်းဒေသခံများ[/caption]

မစ္စတာ ကင်တားနားဟာ ဖေဖော်ဝါရီလ ၁၇  ရက်နေ့က  စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသကို သွားရောက်လေ့လာခဲ့ပြီး မုံရွာမြို့ ၀င်းယုနဒီဟိုတယ်မှာ လက်ပံတောင်း ဒေ သခံတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခွင့်ရသူ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်းက  ဒေသခံတွေရဲ့ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရမှု၊ ကလေးတွေ ပညာသင်ခွင့် ဆုံးရှုံးမှု စတာတွေကို တင်ပြခဲ့တယ်လို့  ပြောပါတယ်။

“ကင်တားနားနဲ့တွေ့တော့ ကျမတို့ဒေသခံတွေက ၀မ်ပေါင်နဲ့ မြန်မာဦးပိုင်တို့ ပေါင်းစပ်ပြီးလုပ်ထားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ လူအခွင့်အရေးချိုးဖောက်တာတွေကို ကျမတို့ တင်ပြတယ်။ ၂၀၁၁မှာ ကလေးတွေ ပညာ သင်ကြားခွင့်မရခဲ့ဘူး။ ၂၀၁၁ ဒီဇင်ဘာမှာ ကျမတို့ ရွာဦးဘုန်းကြီးကျောင်းကြီး ဖျက်ဆီးချိပ်ပိတ်ခံခဲ့ရတယ်။ နောက်ပြီး လယ်ယာမြေတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးခြင်းမရှိဘဲ မတရားသဖြင့် အာဏာသုံးခြိမ်းခြောက်ပြီး လယ်ယာမြေထဲကို သံဆူးကြိုးတွေ ခတ်တာမျိုးတွေကို တင်ပြခဲ့ပါတယ်။”

ဒါ့အပြင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုက်ထားတဲ့ပုံကို ပြတဲ့အခါမှာ မစ္စတာကင် တားနားက ဒီလက်ပံတောင်းကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီတိုင်း ပစ်ထားမယ်လို့ မထင်ကြောင်းနဲ့ အကောင်းဆုံဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနားက လက်ပံတောင်းဒေသခံအချို့ကို မုံရွာမြို့ခေါ်ပြီး နာရီဝက်သာ တွေ့ဆုံစကား ပြောခဲ့တာ ဖြစ်ပါတယ်။  ဒေသခံတွေနဲ့ မတွေ့ခင်  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး လက်ပံတောင်းဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။ ညပိုင်းမှာတော့ နေပြည်တော်ကို ပြန်ထွက်ခွာပြီး ဒီကနေ့မှာတော့ နေပြည်တော်မှာ  အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တာနားဟာ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ သီတင်း တပတ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု အခြေအနေကို လေ့လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ ရခိုင်ပြည်နယ်၊ သီလဝါ စီးပွားရေးဇုန် တို့အပြင် ကချင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ၂၀၀၈ ခုနှစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ချိန်ကစပြီး မြန်မာနိုင်ငံကို ၉ ကြိမ်မြောက် လာရောက်တာဖြစ်ပါတယ်။ သူရဲ့ခရီးစဉ်ပြီးရင် ရခဲ့တဲ့ လေ့လာချက်တွေကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လအတွင်း တင်ပြအစီရင်ခံမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013