DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ် ညှိနှိုင်းမည့်ရက် ရွှေ့ဆိုင်း
DVB
·
February 17, 2014
အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ် ညှိနှိုင်းမည့်ရက် ရွှေ့ဆိုင်း
Donate to DVB

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ရန်ကုန် တွေ့ဆုံပွဲကို လာမယ့် မတ်လ ပထမ သီတင်းပတ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

[caption id="attachment_51842" align="aligncenter" width="360"]ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံ ကျင်းပစဉ်က ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံ ကျင်းပစဉ်က[/caption]

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တာဝန်ရှိသူတွေနဲ့  တိုင်းရင်း သားတွေရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ဟာ လာမယ့် ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်တွေမှာ ရန်ကုန်မှာ တွေ့ကြဖို့ ချိန်းဆိုထားရာကနေ မတ်လ ပထမအပတ်ကို ရွှေ့ဆိုင်းလိုက်တာလို့ အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

“ထပ်တွေ့ဖို့က ကျနော်တို့ ၂၂ -၂၃ ကို ပြင်ထားတော့ ၀န်ကြီးဦးအောင်မင်းဆီက တရားဝင် စာပြန်လာတယ်။ အဆင်သင့်မရှိသေးဘူးတဲ့။ ဒါ့ကြောင့် ကျနော်တို့ မတ်လ ပထမအပတ်ကို ရွှေ့ပါတယ်ဆိုပြီး အစိုးရဘက်က တရားဝင်ချိန်းလတာယ်။ ကျနော်တို့ကတော့ သွားဖို့တောင်ပြင်နေကြပြီ။  ဘားအံမှာ မတွေ့ခင် အကြိုညှိကြရမယ်လို့ ပြောတာ။ ဇန်န၀ါရီ ၂၉ တုန်းက ဦးအောင်မင်းအဖွဲ့ ချင်းမိုင်လာတယ်။ ပြီးတော့ ကျနော်တို့ကို ရန်ကုန်ပြန်ချိန်းတယ်။ ကျနော်တို့လည်း သွားဖို့ ပြင်တယ်။  သို့သော် ဖေဖော်ဝါရီလ တလက အလကားဖြစ်သွားတာပေါ့ မသွားဖြစ်ဘဲ။  မတ်လမှ ချိန်းတဲ့အခါကျတော့။ ”

ဒီတွေ့ဆုံပွဲကို ရန်ကုန်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဖို့ ချိန်းဆိုထားတာ ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကတော့ တဖက်နဲ့တဖက်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ အချိန်လိုတဲ့အတွက် ရက်ရွှေ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဇင်ဘာလ ၂၉ ရက်နေ့က ချင်းမိုင်မှာ အန်စီစီတီနဲ့ ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေး တာရှိတယ်ဗျ။ အဲဒီညှိနှိုင်းမှုကတော့ ဒီလေးဝါးပွဲပြီးလို့ ဘားအံပွဲမဆောင်ရွက်ခင်မှာ ဘားအံပွဲ ကို အဆင်ပြေချောမွေ့ဖို့အတွက် အကြိုတွေ့ဆုံညှိနှိုင်းပွဲတွေကို လိုအပ်သလောက်လုပ်မယ်လို့ နှစ်ဖက်က သဘောတူထားပါတယ်။ အဲဒီအတွက် လေးဝါးပွဲပြီးတဲ့အချိန်မှာ ပထမဦးဆုံး  ညှိနှိုင်းပွဲအနေနဲ့ ချင်းမိုင်မှာ ဇန်န၀ါရီ ၂၉ က တွေ့ဆုံခဲ့တယ်။  ဒုတိယတွေ့ဆုံပွဲကို ၂၂ ၀န်းကျင်လာက် ကျနော်တို့က မှန်းတယ်။ ဒါပေမယ့် နှစ်ဖက်က ပြင်ဆင်မှုတွေ တချို့ခေါင်းဆောင်တွေ ခရီးထွက်တာရယ်၊ နှစ်ဖက် ပြင်ဆင်မှုလိုတဲ့အတွက် မတ်လ ပထမအပတ်ကို ရန်ကုန်မှာ ကျင်းပဖို့ နှစ်ဖက် ပြန်ညှိနှိုင်းနေပါတယ်။ ”

ဘားအံတွေ့ဆုံပွဲမတိုင်ခင် အကြိုဆွေးနွေးပွဲကို အခုလို ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဘားအံ ဆွေးနွေးပွဲ မတ်လမှာ ဖြစ်နိုင်ပါတော့မလားလို့ မေးကြည့်ရာမှာတော့ ဦးလှမောင်ရွှေက ပြောပါတယ်။

“အဲဒီ မတ်လထဲမှာပဲတွေ့နိုင်ဖို့အတွက် ကျနော်တို့ဘက်က မျှော်လင့်တယ်။ အဲအတိုင်းပဲ ပြင်ဆင်နေပါတယ်။ အခုကျနော်တို့ ရန်ကုန်မှာဆွေးနွေးတဲ့အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ နှစ်ဖက်လုံး ရဲ့ ရည်ရွယ်ချက်ကတော့ ဘားအံပွဲဟာ Nationwide ceasefire လက်မှတ်ရေးထိုးတဲ့ နောက်ဆုံးပွဲ ဖြစ်ချင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာပါ။”

ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေ လော်ဃီးလာ (ခေါ်) လေးဝါးမှာ ဇန်န၀ါရီလ ၂၀  ရက်ကနေ ၂၅  ရက်နေ့ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ညီလာခံ ကျင်းပပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (မူကြမ်း)ကို ချမှတ်ခဲ့ပြီး  ၀န်ကြီး ဦးအောင်မင်းတို့ ထံပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် လိုင်ဇာညီလာခံအပြီး မြစ်ကြီးနားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တို့ဟာ  နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ကျင်းပကြဖို့ သဘောတူညီချက်ရခဲ့ပ့ါတယ်။

ချိန်းဆိုတဲ့ရက်မှာ မတွေ့နိုင်ကြတဲ့အပြင်   ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ် အကြား တိုက်ပွဲပြန်ဖြစ်တဲ့ သတင်းတွေကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးမှာ နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က သတိပေးစကား ထုတ်ဖော်ပြောဆိုနေကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013