DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကူးစက်မှုများလာသဖြင့် တရုတ်က နယ်စပ်ကုန်သွယ်ရေး ပြန်ပိတ်မှာကို စိုးရိမ်
DVB
·
February 21, 2022
ကိုဗစ်ကူးစက်မှုများလာသဖြင့် တရုတ်က နယ်စပ်ကုန်သွယ်ရေး ပြန်ပိတ်မှာကို စိုးရိမ်
Donate to DVB

လက်ရှိမြန်မာပြည်မှာ ကိုဗစ်မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ပိုးကူးစက်မှုနှုန်းမြင့်တက်လာသလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေပိုများလာတဲ့အတွက် တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပြန်ပိတ်လာမှာ ကုန်သည်တွေက စိုးရိမ်စရာရှိပေမယ့် လက်ရှိအခြေအနေမှာတော့ ပုံမှန်အဝင်အထွက် ရှိနေပါသေးတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ နေ့စဉ် ကုန်ကားအစီးရေ ၂၀၀ လောက်  ပုံမှန်အဝင်အထွက် ရှိနေပါတယ်လို့ မူဆယ်အခြေစိုက် မြန်မာကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းက ကိုဗစ်တတိယလှိုင်း စတင်ခဲ့ပြီးနောက် တရုတ်က နယ်စပ်အဝင်အထွက်ဂိတ်တွေကို ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင်ပိတ်လိုက်တာကြောင့် မြန်မာဘက်အခြမ်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ မြန်မာပို့ကုန်တွေက လပေါင်းများစွာ ပိတ်မိနေခဲ့ရပါတယ်။

ဒီ့နောက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှာ စမ်းသပ်ကာလအနေနဲ့ စတင်ကုန်သွယ်မှု ပြုခဲ့ပေမယ့် တရုတ်ဘက်က အသာစီးဖြင့် ခွင့်ပြုခဲ့တာပါ။

ဒါကြောင့် လက်ရှိမှာဆိုရင်လည်း တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပြန်ပိတ်လာနိုင်လို့ စိုးရိမ်စရာရှိပေမယ့် လက်ရှိအခြေအနေမှာတော့ ပုံမှန်အဝင်အထွက် ရှိနေပါသေးတယ်။

မူဆယ်အခြေစိုက် မြန်မာကုန်သည်တဦးက “လက်ရှိမှာတော့ မပိတ်သေးပါဘူး။ အသွားအလာ ရှိနေပါတယ်။ ကိုဗစ်ပိုးက မြန်မာပြည်မှာ ကူးစက်မှုများလာပေမဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိမှာတော့ အဝင်ရော၊အထွက်ရော ရှိနေပါတယ်။ ပုံမှန်အတိုင်း သွားလာနေပါသေးတယ်။ တရုတ်ပြည်က ကိုဗစ်နဲ့ပတ်သတ်ပြီး အရင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်းပါပဲ။ နောက်ထပ် အသစ်ထပ်ဖြည့်တာတော့ မရှိသေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကားတွေ ဆေးဖြန်းရတယ်။ ကုန်တွေဆေးဖြန်းရတယ်။ ယာဉ်မောင်းကို ဆေးစစ်ရတယ်။ ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းတယ်။ ဒါကတော့ အရင်ကတည်းက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်လုပ်ငန်းရှင်တဦးကလည်း “မြန်မာဘက်က ဖရဲ၊ သခွား ၊ဆန်ကွဲ အပါအဝင်ပေါ့ တနေ့ကို ကားအစီးရေ ၉၀ နဲ့ ၁၀၀ ကြား တရုတ်ပြည်ဆီ သွားသလို တရုတ် ပြည်ဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ စားကုန်သောက်ကုန်ပစ္စည်းတွေပါတဲ့ ကားအစီရေ ၉၀ နဲ့ ၁၀၀ ကြား မြန်မာဘက်ကို ပြန်ဝင်နေပါတယ်။ ဒါကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကနေ မြန်မာဘက်က တနေ့ ကားအစီးရေ ၁၀၀ သွားသလို တရုတ်ဘက်က လည်း တနေ့ ကားအစီးရေ ၁၀၀ အဝင်ရှိနေပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏက လက်ရှိဘဏ္ဍာနှစ်နဲ့ ယမန်နှစ် ကာလတူပမာဏအား နှိုင်းယှဉ်တဲ့အခါ ရာခိုင်နှုန်း ၇၀ ကျော် လျှော့ကျမှု ရှိနေတာပါ။

လက်ရှိဘဏ္ဍာနှစ်အတွက် (၁-၁၀-၂၀၂၁ မှ ၁၁-၂-၂၀၂၂ ထိ) ၄ လတာကာလအတွင်းမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၇၈ သန်း ရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၂၂ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါတယ်။

ဒါပေမဲ့ ကာလတူယမန်နှစ်မှာတော့ (၁-၁၀-၂၀၂၀ မှ ၁၁-၂-၂၀၂၁ ထိ) ၄ လတာကာလအတွင်းမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄၆၀ သန်း ရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၇၈၄ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၄၅ သန်း ရှိခဲ့ပါတယ်။

ဒါကြောင့် ကာလတူနှိုင်းယှဉ်တဲ့အခါ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၉၈၂ သန်း လျှော့ကျမှု ရှိသလို သွင်းကုန်ကလည်း အမေရိကန်ဒေါ်လာ ၇၆၂ သန်း လျှော့ကျမှု ရှိတာကြောင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇၄၅ သန်း လျှော့ကျမှု ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013