DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းအရေးကူညီပေးသူကို လွှတ်ပေးရန်တောင်းဆိုတဲ့ လယ်သမားတွေကို တရားစွဲ
DVB
·
February 16, 2014
လက်ပံတောင်းအရေးကူညီပေးသူကို လွှတ်ပေးရန်တောင်းဆိုတဲ့ လယ်သမားတွေကို တရားစွဲ
Donate to DVB

လက်ပံတောင်းအရေး ကူညီပေးနေသူကို ဖမ်းဆီးသွားတဲ့အတွက် ညောင်ပင်ကြီးရဲစခန်းရှေ့မှာ လွှတ်ပေးရန် သွားရောက်တောင်းဆိုတဲ့ ကျေးရွာသားတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ထားပါတယ်။

[caption id="attachment_51309" align="alignright" width="300"]လျော်ကြေးမယူထားတဲ့ လယ်ယာမြေများကို ဘော်ဒိုဇာနဲ့ ဖျက်ဆီးနေတဲ့အတွက် လက်ပံတောင်းဒေသခံများ တားဆီးနေစဉ် လျော်ကြေးမယူထားတဲ့ လယ်ယာမြေများကို ဘော်ဒိုဇာနဲ့ ဖျက်ဆီးနေတဲ့အတွက် လက်ပံတောင်းဒေသခံများ တားဆီးနေစဉ်[/caption]လက်ပံတောင်းအရေး ကူညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသော်ဇင်ကို အရပ်ဝတ် လူ ၆ ဦးက အဓမ္မဖမ်းဆီးသွားတာကြောင့် ညောင်ပင်ကြီးရဲစခန်းမှာ ဒေသခံတွေက သွားရောက် မေးမြန်းပြီး ပြန်လည်လွှတ်ပေးရန် တောင်းဆိုတဲ့အတွက် ရဲစခန်းက ကျေးရွာသား ၄ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်တာပါ။

တရားစွဲခံရတဲ့ အကြောင်းအရင်းကို ညောင်ပင်ကြီး ရဲစခန်း အမှုစစ်အရာရှိ ဒုရဲအုပ် စိုးစိုး က အခုလို ပြောဆိုပါတယ်။
“ကျနော်တို့ ချေချေငံငံ ပြောပြတယ်။ သူတို့ဘက်က တချို့စကားလုံးတွေက ရဲတပ်ဖွဲ့ကို ထိခိုက်လာတဲ့ အသုံးအနှုန်းတွေ ထွက်လာတယ်။ သူတို့ တကယ်တန်းအဲဒီနေရာကို လာရတဲ့ အကြောင်းအရင်းက ခွင့်ပြုမိန့်လည်း မရှိဘူး။ လတ်တလော သူတို့ စိတ်ဆန္ဒအလျှောက်သူတို့ ဒီမှာလာတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရဲတပ်ဖွဲ့က သည်းညည်းခံပါတယ်။ ပြန်ဖို့လည်း သူတို့ကို ပြောပါတယ်။ ဘယ်လို့မှ ပြောလို့ မရတဲ့အဆုံးတော့ တရားဥပဒေအရ အရေးယူရခြင်း ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုသော်ဇင်ကို တုံရွာနဲ ရွှေလှေရွာကြား ညောင်ပင်ကြီး ကားလမ်းပေါ်မှာ ဖမ်းဆီးခဲ့ပြီး ကိုသော်ဇင်နဲ့ အတူပါသွားသူကိုပါ အကြမ်းဖက် ထိုးကြိတ်ခဲ့တယ် လို့ ပြောပါတယ်။ ဒါ့ကြောင့် ဒေါ်ဌေးရီက အဲဒီလူ ၆ ယောက်ကို အမှုဖွင့်လိုကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းကို သွားရောက်တိုင်ကြားပေမယ့် ကြိုတင်ကြံစည်မှု မဟုတ်တဲ့ အတွက် ပြစ်မှုမမြောက်တာကြောင့် အမှုဖွင့်မရဘူးလို့ ပြောပါတယ်။

အမှုဖွင့်ရန် ဆားလင်းကြီးမြို့နယ် ရဲစခန်းကို သွားရောက်ပြောဆိုပေမယ့် အမှုဖွင့်မပေးကြောင်း ဒေါ်ဌေးရီ က “သူတို့ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ဆိုပြီး ကျမကို လက်မခံလိုက်ပါဘူး”လို့ ဆိုပါတယ်။

ဒေသခံတွေဘက်က အမှုတွေကိုတော့ ဖွင့်မပေးပဲ ၀မ်ပေါင် ဘက်က အမှုတွေကိုတော့ ဖွင့်ပေးနေတယ်လို့ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်က ပြောဆိုပါတယ်။

“ပြည်သူတွေဘက်က လူထုဘက်က နစ်နာတဲ့ ကိစ္စရပ်တွေဆိုရင် ဘယ်တော့မှ အမှုလည်း ဖွင့်မပေးဘူး။ လက်လည်း လက်မခံဘူး။ ကုမ္ပဏီဘက်က ဦးပိုင်ဘက်က နောက်တခါ ခရိုနီတွေ ဘက်က စွဲတဲ့အမှုတွေဆို လွယ်လွယ်ကူကူ လက်ခံပြီးတော့ တချို့အမှုတွေဆို ကုမ္ပဏီတို့ ဦးပိုင်တို့ ခရိုနီတို့က စွဲတာမဟုတ်ပဲနဲ့တောင် သူတို့ဆန္ဒနဲ့ သဘောနဲ့တောင်မှ သူတို့ဘာ သူတို့ဖွင့်ပြီးတော့ အမှုဖွင့်ပေးနေတာတောင် ရှိတယ်။”

ကိုသော်ဇင်ကို ၂၀၁၃ ခု သုံးလပိုင်း ၂၂ ရက်နေ့က စီမံကိန်းရုံးရှေ့က မြေညှိနေသူတွေကို ခြိမ်းခြောက်မှု၊ ၂၀၁၃ ခုနှစ် လေးလပိုင်း ၂၉ ရက်နေ့က စီမံကိန်းရုံးထဲ ၀င်ရောက်ပြီး ထွန်ယက်စိုက်ပျိုးမှု စုစုပေါင်း ၂ မှုနဲ့ တရားစွဲ ထားတယ်လို့ ပြောခဲ့ပေမယ့် ဆားလင်းကြီးမြို့နယ်ရဲမှူးကတော့ ကိုသော်ဇင်ကို ပုဒ် ၅၀၅ (ခ)နဲ့ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး မကြာခင် တရားရုံးတင်မယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013