DVB Logo
Home
မြန်မာသတင်း
မြို့သစ်-ကံကြီးကုန်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်လူအင်အားသာလွန်သဖြင့် ရဲဘော်များ ကျဆုံးခဲ့ရဟု ခင်ဦး PDF ပြော
DVB
·
February 19, 2022
မြို့သစ်-ကံကြီးကုန်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်လူအင်အားသာလွန်သဖြင့် ရဲဘော်များ ကျဆုံးခဲ့ရဟု ခင်ဦး PDF ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အားသာလွန်စွာ  ဗျူဟာတကျ အမြင့်ပိုင်းပစ်ကွင်းကောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ အထိခိုက် အကျဆုံးများခဲ့တာလို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁၇ ရက်က ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ PDF လူငယ် ၁၄ ယောက် သေဆုံးခဲ့တာပါ။

ဘုရားဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက တပ်သားအင်အား ၂၀၀ နီးပါးအသုံးပြုခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ရဲ့ ပြောက်ကျားစနစ်ကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပစ်ခတ်တိုက်ခိုက်တာ ကြောင့် လူအင်အား လက်နက်အင်အားမရှိတဲ့ PDF တွေ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်တွေကို လက်နက်နဲ့နည်းဗျူဟာ အမြန်ဆုံးထောက်ပံ့ပေးဖို့ ဒေသခံကာကွယ်ရေး တပ်ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းပါတယ်။

ခင်ဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦး "စစ်ကောင်စီတပ်ကို ယှဉ်တိုက်ဖို့မဟုတ်ဘဲ ပြောက်ကျားစနစ်နဲ့ပဲ တိုက်ဖို့ သွားခဲ့တာပါ။  ဝိုင်းထားမှန်းသိတော့ သူတို့ထွက်မလာတော့ဘူး။ နေ့ခင်း ၁၂ နာရီလောက်ထိ သူတို့ ထွက်မလာတာနဲ့  မြို့သစ်ကနေ ကံကြီးကုန်းဘက်လမ်းမှာ စောင့်နေတာပေါ့။ မြို့သစ် ဘုရားဝန်းကျင်မှာ တိုက်ပွဲစဖြစ်တာပေါ့။  မောင်းပြန်သေနတ်ဆိုလို့ ၃ လက်လောက်ပဲရှိတယ်။ ဒါပေမဲ့ လက်နက်အင်အားမမျှတဲ့အတွက် ဖြစ်သွားတာပါ။ သူတို့ မြို့သစ်ဘုရားနားမှာ အမြင့်ကနေ စက်သေနတ်နဲ့ပစ်တာ။ ပြန်ပစ်ဖို့ လက်နက်အင်အားမမျှတဲ့ အတွက် ကျဆုံးခဲ့ရတာပါ။ အင်မတန်မှ ဝမ်းနည်းရပါတယ်။ "လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ချောင်းဦးကြီးကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက မီးရှို့တာကြောင့် အိမ်ခြေ ၄၀၀ ကျော်(ရွာလုံးကျွတ်နီးပါး) မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ချောင်းဦးကြီးကျေးရွာနားက ဇီးဖြူကုန်းကျေးရွာမှာ ပျူစောထီးအများစုအခြေစိုက်နေထိုင်ပြီး အခုမီးလောင်မှုဟာ ဇီးဖြူကုန်းရွာသား ပျူးစောထီးတွေရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့ ချောင်းဦးကြီးရွာသားတစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေထိန်းချုပ်ဖို့ ခက်ခဲနေတဲ့အတွက် ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ နည်းလမ်းကိုပြောင်းလဲအသုံးပြုနေတာဖြစ်ပါတယ်။ 

ချောင်းဦးကြီးရွာသားတစ်ဦး "ချောင်ဦးကြီးကျေးရွာကို စစ်ကောင်စီနဲ့ပျူစောထီးတွေက ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီအချိန်လောက်က မီးစရှို့တာပါ။ လက်နက်ငယ်နဲ့ ဘေးပတ်လည်ကို ပစ်တယ်။ ရွာအနောက်ဘက်နဲ့ မြောက်ဘက်တွေကနေ မီးလိုက်ရှို့တယ်။ နောက်ပိုင်းတော့ တစ်အိမ်တက်ဆင်း မီးလိုက်ရှို့တယ်။ အိမ်ခြေ ၄၀၀ ဝန်းကျင်ပါသွားတယ်။ ၄၊ ၅လုံးပဲကျန်တယ်။ ပျူစောထီးရွာ ဇီးဖြူကုန်းကို ရှင်းပစ်ရမှာပဲ။ ဒီကောင်တွေက သခင်အားရကျွန်ပါးဝနေတာ။"ဆိုပါတယ်။

ပုလဲမြိုနယ်အတွင်းမှာ ဇန်နဝါရီ ၂၉ ရက်ကနေစပြီး မွေ့တုံကျေးရွာ၊ ပန်းကျေးရွာနဲ့ အင်ပင်ထိ ကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာကို စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့်ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲခဲ့ပါတယ်။ 

အခုမီးရှို့ခံရတဲ့ ချောင်းဦးကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူ ၃၅၀၀ ကျော်ဟာလည်း ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ၂၀၂၁ မတ်လ ၃ရက်ကနေ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နှစ်နီးပါးကာလအတွင်း ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ထဲက ၃၁ မြို့နယ်မှာ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013