DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲကြား ပြည်သူထောင်ချီပိတ်မိနေ၊ စစ်ဘေးရှောင်များခိုလှုံနေသည့် ဝါရီဆူးပလိုက်ရွာ မီးရှို့ခံရ
DVB
·
February 18, 2022
မိုးဗြဲတိုက်ပွဲကြား ပြည်သူထောင်ချီပိတ်မိနေ၊ စစ်ဘေးရှောင်များခိုလှုံနေသည့် ဝါရီဆူးပလိုက်ရွာ မီးရှို့ခံရ
Donate to DVB

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမှာတိုက်ပွဲတွေ  ပြင်းထန်ဆက်ဖြစ်နေပြီး လူထု ထောင်ချီ တိုက်ပွားကြားပိတ်မိနေသလို စစ်ဘေးရှောင်အများစု သွားရောက်ခိုလှုံနေတဲ့ ဝါရီဆူးပလိုက်ကျေးရွာလည်း ဖေဖော်ဝါရီ ၁၈ ရက်  ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် မီးလောင်နေပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာဟာ မိုးဗြဲမြို့တောင်ဘက်မှာရှိပြီး  အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်သလို လတ်တလော စစ်ရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ ရွာဖြစ်ပါတယ်။

မနေ့ကဖြစ်ပွားခဲ့တိုက်ပွဲကြောင့် ရွာခံအပါအဝင် အဲဒီကို စစ်ရှောင်နေတဲ့ သူတွေလည်း ထပ်မံထွက်ပြေးနေရပြီး ဒီနေ့မနက်မှာတော့ အဲဒီရွာမှာ တိုက်ပွဲကြောင့် မီးလောင်သွားတယ်လို့ ကူညီကယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူက လက်နက်ကြီးလည်းပါမယ်၊ ပြီးတော့ အိမ်က အရမ်းသိပ်တဲ့အခါကျတော့ တအိမ်နဲ့တအိမ်ကူးသွားတဲ့ အနေအထားလည်းရှိတယ်။ ပြီးတော့ အခုအနေအထားဆိုရင်တော့ တမင်သက်သက်ကြီး ဝင်ရှို့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။

“မိုးဗြဲ PDF က တပ်သားတဦးကတော့ မနက်ပိုင်း ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး စစ်ကောင်စီဘက် စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ဝါရီရဆူးပလိုင်ရွာကို ဝင်ရောက်ပြီး မီးရှိုတာ”လို့  ပြောပါတယ်။

“အခုလက်ရှိအချိန်အထိတော့ မိုးဗြဲနဲ့ ဒီးမော့ဆိုလမ်း နန်းမယ်ခုံလမ်းကြား ပလိုင်ရွာမှာ စစ်ကောင်စီတွေက ဝင်တာပေါ့နော်။ သူတို့ ရွာထဲတော့ ရောက်သွားပြီ။ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်နေတယ်ပေါ့နော်။ အခုချိန်ထိ ပစ်ခတ်နေတယ်။ အိမ်တွေလည်း မီးလိုက်ရှို့နေတယ်ပေါ့။ ”

ဝါရီဆူးပလိုင်ရွာမီးလောင်သွားတဲ့အတွက်   ရွာခံရော ထပ်ဆင့် စစ်ရှောင်တွေကပါ  ထွက်ပြေးနေရပြန်တဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်တယ်လို့လည်း ကူညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။

“အခုက အရေးပေါ် အခြေအနေမှာ ရှိတယ်။ နဂိုကတည်းက ဒီ ဝါရီဆူးပလိုက်မှာဆိုလို့ရှိရင်တော့ စစ်ရှောင်တွေနေရမယ့်နေရာတွေပေါ့နော်။ ဒါပေမဲ့ အခုလိုအနေအထားဆိုရင် ရွာခံအပါအဝင် စစ်ဘေးရှောင်ကလည်း ပြေးနေရတဲ့အနေအထားမှာရှိနေတယ်။ အဓိကကတော့ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ အဝတ်အထည်၊ အခုက ကိုယ့်ရဲ့ အဝတ်တထည် ကိုယ်တခု ရှိနေတဲ့အနေအထား ရုတ်ရက်ကြီး လက်ကြီးကျတဲ့ အနေအထားမှာဖြစ်တဲ့အတွက် ပြင်ဆင်မထားပဲ ရုတ်တရက်ကြီး ပြေးရတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်ချက်ကတော့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်ဖို့ ကိစ္စရပ်တွေက အဓိက လိုအပ်ချက်ပေါ့နော်။ ”

ဒါ့အပြင် မိုးဗြဲမြို့တွင်းနဲ့ တိုက်ပွဲဖြစ်ရာ အနီးနားက ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ပိတ်မိနေသူ ၅၀၀၀ ခန့်ရှိနေသေးတဲ့တွက် အမြန်ဆုံး ကယ်ထုတ်ရမယ့် အခြေအနေ ရှိနေပါတယ်။

မနေ့ မနက်ပိုင်းက စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နဲ့ ဝါရီဆူးဖလိုင်ရွာနား တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က  အထိနာတဲ့အတွက် နေ့လယ် ၁ နာရီဝန်းကျင်မှာ သံချပ်ကာကား ၂ စီး၊ စစ်သား ၁၀၀ ဝန်းကျင် စစ်ကူခေါ်ခဲ့ပြီးနောက် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အယောက်  ၂၀ ထက်မနည်း သေဆုံးပြီး လက်နက်ကြီး အဆမတန်အသုံးပြုခဲ့တဲ့အပြင် ညနေ ၅ နာရီ လောက်က  လေယာဉ် ၂ စီးနဲ့  ၇ ကြိမ်လောက် ပစ်ခတ်ခဲ့တဲ့အတွက်  ပြည်သူ့ရဲဘော်တွေလည်း ထိခိုက်၊ ကျဆုံးမှု ရှိခဲ့ပါတယ်။

မနေ့က ထိခိုက်ကျဆုံးသူတွေအထဲမှာ  မိုးဗြဲ PDFမှ ရဲဘော် ၇ ယောက်  ကျဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့သလို ရှေ့တန်းစစ်မြေပြင် ကယ်ဆယ်ရေးဆရာဝန် ၁ ယောက်လည်း ကျဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က တင့်ကားနဲ့ လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်တဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေ လက်နက်ကြီးကျည်ထိမှန်ပြီး အယောက် ၂၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့     KNDF တပ်သားတဦးက ပြောပါတယ်။

“အဲဒီနေရာက ကွဲကုန်း ၃ ရပ်ကွက်ရဲ့အထွက်မှာပေါ့။ မိုးဗြဲမြို့နံဘေးပေါ့။ ပိုထိတဲ့ဘက်က စစ်ကောင်စီတွေ ဖလိုင်ဘက်ကို ထိုးသွားတယ်။ ဖလိုင်မှာက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရှိတယ်။ အဲဒီမှာ ခံပစ်နေတာ။ နောက်တဖွဲ့က အနောက်ကနေ လာပိတ်တာပေါ့နော်။ စစ်ကောင်စီရဲ့ကြားမှာ ညှပ်နေတော့ အနောက်ပိတ်တဲ့ဘက်က အလုံးအရင်းပိတ်တော့ လက်နက်ကြီး ရမ်းသန်းထုတော့ တအားထိသွားတာ အဲလိုမျိုးပေါ့နော်။ ”

ကျဆုံးသွားသူတွေထဲမှာ ဆရာဝန် ဒေါက်တာအောင်ကြီးအပါအဝင်  ဆေးတပ်သား ၈ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။

“ဆေးမှူးက ၈ ယောက်၊ ဆရာဝန်တယောက်အပါအဝင်ပေါ့နော်။ ဆေးတပ်သား တယောက် ဒဏ်ရာရတော့ ကျန်တဲ့ဆေးတပ်သားတွေရောက်လာတော့၊ သူတို့ ဝိုင်းကုနေတဲ့အချိန်မှာ လက်နက်ကြီးက သူတို့အလယ်တည့်တည့်ကျသွားတော့ သူတို့ လစ်ကုန်တာပေါ့နော်။ ၈ ယောက်မှာ ၆ ယောက်က ပွဲချင်း၊ နှစ်ယောက်က လှုပ်လို့ရသေးတယ်။ ”

ထိခိုက်သေဆုံးသွားတဲ့ ဒေါက်တာ အောင်ကြီးအပါအဝင် ဆေးတပ်သားတွေရဲ့ ရုပ်လောင်းတွေကို ပြန်လည်ကယ်ထုတ်နိုင်ပေမဲ့ ကျန်တဲ့ ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေကိုတော့ အချိန်ထိ ပြန်လည်မကောက်ယူနိုင်သေးဘူးလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013