DVB Logo
Home
မြန်မာသတင်း
နဝတခေတ်က ဖြိုချဖျက်ဆီးခံရသည့် သမိုင်းဝင်ကျိုင်းတုံဟော်နန်းကို ပုံစံတူပြန်ဆောက်
DVB
·
February 18, 2022
နဝတခေတ်က ဖြိုချဖျက်ဆီးခံရသည့် သမိုင်းဝင်ကျိုင်းတုံဟော်နန်းကို  ပုံစံတူပြန်ဆောက်
1 / 6
Donate to DVB

နဝတ စစ်အစိုးရလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဖြိုချဖျက်ဆီးလိုက်တဲ့ သမိုင်းဝင်ကျိုင်းတုံစော်ဘွားဟော်နန်းကို ပုံစံတူပြန်ဆောက်လုပ်ဖို့ ဟော်နန်းသစ်အုတ်မြစ်ချပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မနေ့  မနက် ၈ နာရီက နောင်တုံရေကန်ရှေ့ရှိ ယခင်ဟော်နန်းဟောင်း ဘေးနားက မြေကွက်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အုတ်မြစ်ချပွဲမှာ သံဃာတော်တွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ 

ကျိုင်းတုံစော်ဘွားနွယ်နဲ့ ကျိုင်းတုံဒေသခံတို့ အမြတ်တနိုးထားရာ ဟော်နန်းကြီးပြန်လည်ရရှိဖို့ ယခင် အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက တောင်းဆိုထားတာဖြစ်ပြီး အခုမှ စတင် အကောင်အထည်ဖော်လိုက်တာလို့   ရှမ်းပြည်အရှေ့ပိုင်း ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းရေး ကော်မတီဝင် စိုင်းဆာမ်တစ်ဆေက ဒီဗွီဘီကို ပြောပါတယ်။ 

“ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကျနော်တို့ စာတွေအကြိမ်ကြိမ်တင်ပြီး တောင်းဆိုခဲ့ပါတယ်။ မရခဲ့ဘူး၊ အခုမှရတယ်ပေါ့၊ အမှန်က အရင်ဟော်နန်းနေရာဟောင်းမှာပဲ ပြန်လိုချင်ပါတယ်၊ ဒါပေမဲ့ အဲဒီမှာ ဟိုတယ်ဆောက်ထားပြီး ခရီးသွားလာရေးဝန်ကြီးဌာနက ကုမ္ပဏီကို နှစ်ပေါင်း ၅၀ စာချုပ်နဲ့ ငှါးထားတော့ တော်တော်ခက်ခဲမယ်တဲ့၊ ဒါကြောင့် နေရာသစ်မှာဆောက်မယ်၊ နေရာသစ်ဆိုပေမဲ့ အရင်ဟော်နန်းနဲ့ကပ်လျက် စော်ဘွားပိုင်မြေရိယာထဲမှာပဲ နောင်တုံကန်အရှေ့မှာဘဲ ပုံစံတူ ဆောက်ပေးမယ်ဆိုတော့ အိုခေပါ။ ကော်မတီဝင်တွေသဘောတူခဲ့ပါတယ်။ ” 

အဆိုပါမြေကွက်အကျယ်မှာ အလျားပေ ၃၀၀ အကျယ်ပေ ၂၀၀ ရှိပြီး ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော် လျာထားကြောင်း ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေကို စစ်တပ်ကပဲ ပို့ဆောင်လာမှာဖြစ်ပြီး ဘယ်တော့ပြီးမယ်မသိပေမဲ့ ပြီးသွားရင် ဟော်နန်းကို ကျိုင်းတုံ သမိုင်းပြတိုက်ဖွင့်လှစ်ထားမှာဖြစ်ပြီး အစိုးရ ၊ စစ်တပ်နဲ့ ပြည်သူတွေ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်အရှေ့ပိုင်းရှေးဟောင်းအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းရေးကော်မတီဝင်ထဲမှာ ကျိုင်းတုံစော်ဘွားကြီးရဲ့ မြေးတော်  စစ်ကောင်စီရဲ့ အကြံပေး ဒေါက်တာရင်ရင်နွယ် လည်းပါဝင်ပါတယ်။ 

စစ်ကောင်စီက အခုလိုဟော်နန်းပြန်ဆောက်ပေမယ့်အပေါ် အကောင်းမြင်သူရှိသလို ဝေဖန်သူတွေလည်း ရှိကြောင်း၊ သူတို့အနေနဲ့ကတော့ နှစ်အတော်ကြာတောင်းဆိုလာခဲ့တာကို သက်ဆိုင်ရာက လိုက်လျောဆောင်ရွက်ပေးလိုက်တာလို့ ရိုးရှင်းစွာသာတွေးပြီး အတိုင်းအတာတစ်ခုထိ ကျေနပ်ကြောင်း  ရှမ်းပြည်အရှေ့ပိုင်းရှေးဟောင်းအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းရေးကော်မတီဝင်က ပြောပါတယ်။ 

ကျိုင်းတုံဟော်နန်းကြီးကို  အဆက် ၄၀ မြောက် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွဏ်းကျောက် အင်းထ လိုင် လက်ထက် ၁၉၀၆ ခုနှစ်က တည်ဆောက်ခဲ့တာပါ။

စော်ဘွားကြီးဟာ အိန္ဒိယနိုင်ငံသို့သွားရောက်စဉ် မဟာရာဂျာတပ်ခ်နန်းတော်ပုံစံကို သဘောကျပြီး ကျိုင်းတုံပြန်ရောက်တဲ့အခါ အိန္ဒိယနိုင်ငံက ဗိသုကာပညာရှင်တွေခေါ်ယူပြီးတော့ ဟော်နန်းသစ်ကြီး တည်ဆောက်ခဲ့တာပါ။

တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ စော်ဘွားတွေဖမ်းဆီးထောင်ချခံခဲ့ရတဲ့ထဲ ကျိုင်းတုံရဲ့ နောက်ဆုံးစော်ဘွား စဝ်စိုင်းလုံလည်းအပါအဝင်ဖြစ်ပြီး ထောင် ၇ နှစ်ကျခဲ့ပါတယ်၊ စော်ဘွား ဟော်နန်းတွေလည်း အထိန်းသိမ်းခံခဲ့ရပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နဝတအစိုးရလက်ထက် ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျိုင်းတုံဟော်နန်းကြီးကို ဖြိုချခဲ့ပြီး အဆိုပါနေရာမှာ ကျိုင်းတုံဟိုတယ်ဆောက်လုပ်ထားပါတယ်။ 

ကျိုင်းတုံဟော်နန်းဖြိုဖျက်ခံရတဲ့အတွက် ကျိုင်းတုံစော်ဘွားအဆက်အနွယ်၊ ကျိုင်းတုံဒေသခ ပြည်သူနဲ့ ရှမ်းပြည်သူတွေဟာ နာကြည်း‌နေကြပြီး နှစ်စဉ် နိုဝင်ဘာ ၉ ရက်ရောက်တိုင်း ဟော်နန်းအောင်းမေ့ဖွယ် အထိမ်းအမှတ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

Photo Credit- Kengtung City  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013