
ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမှာ ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တင့်ကားတွေ၊ လက်နက်ကြီးတွေအပြင် လေကြောင်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကရင်နီပူးပေါင်းတပ်ဘက်က ၂၀ ထက်မနည်း ကျဆုံးခဲ့သလို မြေပြင်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူအများအပြားရှိနေပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနက် ၅ နာရီကျော်အချိန်ကစပြီး စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ရာနေရာတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က တင့်ကားနဲ့ လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခဲ့တာကြောင့် ကရင်နီပူးပေါင်းတပ်တွေ လက်နက်ကြီးကျည်ထိမှန်ပြီး ၂၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ကျဆုံးသွားသူတွေထဲမှာ ဆရာဝန် ဒေါက်တာအောင်ကြီးအပါအဝင် ဆေးတပ်သားတချို့လည်း ပါဝင်ပါတယ်။
ဒေါက်တာအောင်ကြီးဟာ ကယားပြည်နယ်ဒေသတဝိုက်မှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ဖြစ်ပြီး အခုတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို သွားရောက်ကူညီပေးရင်း လက်နက်ကြီးထိမှန် သေဆုံးရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
မိုးဗြဲနဲ့ ဝှါရီဆူးပလိုင်ကျေးရွာအကြား တင့်ကား ၂ စီးအပါအဝင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းမဟာမိတ်ဖြစ်တဲ့ DMO-PDF၊PK-PDF၊ MB-PDF၊LK-PDF နဲ့ အလယ်ပိုင်းတိုင်း၊ KNDF၊ KGZ၊ KA တပ်တို့ပူးပေါင်းပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာတဲ့အတွက် တိုက်လေယာဥ် ၂ စီးနဲ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးခဲ့သလို တင့်ကား ၁ စီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူကာကွယ်ရေးတပ် ပြောခွင့်ရသူက ပြောပါတယ်။
“ဒီတရက်တည်းနဲ့ သုံးပွဲလောက်ဖြစ်တယ်။ သုံးနေရာပေါ့နော်။ ကျနော်တို့ လက်နက်ကြီးနဲ့ ပစ်လိုက်တော့ တင့်ကား ၁ စီးတော့ ပျက်သွားတယ်။ သူတို့လည်း အကျအဆုံးများတဲ့အခါကျတော့ ထုံးစံအတိုင်းပေါ့ တိုက်လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲတယ်လေ။ ”
ဒီတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်အဖွဲ့က ထိခိုက်ကျဆုံးမှုတွေ ရှိပေမယ့် အခုအထိ စာရင်းအတည်မပြုနိုင်သေးလို့ ကျဆုံးသွားတဲ့ ရုပ်လောင်းတွေကိုလည်း ပြန်မ ကောက်နိုင်သေးပါဘူး။
လေယာဉ်နဲ့ ဗုံးကြဲတိုက်လိုက်တာကြောင့် မိုးဗြဲဒေသခံ အမျိုးသမီး ၁ ဦးအပါဝင် ၆ ဦး ဒဏ်ရာရရှိပြီး ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါ တယ်။
“ဒီနေ့က ပြည်သူအနေနဲ့ ထိခိုက်တဲ့သူက ၆ ယောက်ရှိတယ်။ အဲဒါကို ခက်ခက်ခဲခဲနဲ့ ကူညီခဲ့ရပါတယ်။”
ဒါ့အပြင် စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဝှါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို နှစ်ရက်ဆက်တိုက် ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူထောင်ချီ အိုးအိမ်စွန့်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။