DVB Logo
Home
မြန်မာသတင်း
ဂမ်ဘီယာက မြန်မာအပေါ်တရားစွဲထားသည့်အမှုကိစ္စ ICJ တရားရုံးက NUG အစိုးရထံ အကြောင်းမပြန်သေး
DVB
·
February 17, 2022
ဂမ်ဘီယာက မြန်မာအပေါ်တရားစွဲထားသည့်အမှုကိစ္စ  ICJ တရားရုံးက  NUG အစိုးရထံ အကြောင်းမပြန်သေး
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရ ကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ကာ ရင်ဆိုင်ဖြေရှင်းဖို့ တရားရုံးကို စာပေးပို့ထားပေမယ့် ဒီကနေ့အချိန် ထိ အကြောင်းပြန်စာမရသေးဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကို ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ် သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သတ်ပြီး  ဖေဖေါ်ဝါရီ ၂၁ ရက်မှ  ၂၈ ရက်အထိ ဒုတိယအကြိမ်ကြားနာစစ်ဆေးဖို့ ရုံးချိန်းရှိနေတာပါ။

ဒီကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံအစိုးရကိုယ်စားပြုအနေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အပြိုင်ကြိုးစားဆောင်ရွက်နေပြီး စစ်ကောင်စီ ဘက်က ကိုယ်စားလှယ် တက်ရောက်ဖြေရှင်းခွင့်ရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အခု ဒုတိယအကြိမ် ကြားနာစစ်ဆေးမှုကို ကိုဗစ်-၁၉ အခြေအနေကြောင့် လူကိုယ်တိုင် တရားခွင်အထိ တက်ရောက်တာရော၊ အွန်လိုင်းကနေ တက်ရောက်တာရော နှစ်မျိုးစလုံးနဲ့ စီစဉ်ထားတယ်လို့ ICJ တရားရုံးက ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ်ကြားနာစစ်ဆေးမှုမှာတော့ မြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ကိုယ်တိုင်သွားရောက် ဦးဆောင်ခုခံချေပခဲ့တာဖြစ်ပြီး ဒီအမှုနဲ့ပတ်သတ်လို့ ‌ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖြေရှင်းနိုင်ခြင်းမရှိတဲ့အချိန်မှာ ကုလ သမဂ္ဂသံ အမတ်ကြီး ဦးကျော်မိုးထွန်းကို Alternate Agent အနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့ ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကပြောဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့အတွက် နိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေကြားမှာလည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရှိနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း သွားရောက်ဖြေရှင်းခြင်းက အငြင်းပွားဖွယ်မရှိနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ICJ တရားရုံးကို စာရေးသားပေးပို့ထားပါတယ်။

ဒါပေမဲ့  ICJ တရားရုံးဘက်ကတော့  NUG ရဲ့ စာနဲ့ ပတ်သက်ပြီး အကြောင်း ပြန်ကြားတာ မရှိသေးပါဘူး။  

ပထမအကြိမ် ကြားနားမှုမှာတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ခုခံလျှောက်လဲခဲ့ပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ICJ ရဲ့ တရားစီရင်မှုကို လက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါ တယ်။ ဒါအပြင်  တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုထားတဲ့ ကနဦး ချေပချက်တွေကိုလည်း ပြန်ရုပ်သိမ်းတယ်လို့ NUG က ကြေညာထားပါတယ်။ 

အဲဒီအမှုကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာဥပဒေပညာရှင် ပြင်သစ်နိုင်ငံသား ပါမောက္ခ Jean-Marc Thouvenin နဲ့နိုင်ငံတကာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေပညာရှင် Steven Powles တို့ပါဝင်တဲ့ ဥပဒေအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ ICJ အမှုကိုရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့ ကော်မတီကို အာဏာ သိမ်းယူပြီးတဲ့အချိန် ဇွန်လအတွင်းမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌအဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီမှာ ပထမတစ်ကြိမ်ကြားနာပွဲတုန်းက လိုက်ပါသွားခဲ့ဖူးတဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးနဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့က ဒုဥက္ကဋ္ဌတွေအဖြစ် စစ်ကောင်စီကဖွဲ့စည်းထားတာပါ။

ပထမအကြိမ်း ကြားနာစစ်ဆေးမှုအပြီးမှာတော့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က အချက် ၄ ချက်ပါတဲ့ ကြားဖြတ်အမိန့်တစ်ခုကို ချမှတ်ခဲ့ပြီး အဲဒီအချက်တွေထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေကာကွယ်ပေးဖို့အပါအဝင် သက်သေ အထောက်အထားတွေကို မပျက်ဆီးအောင်ထိန်းသိမ်းဖို့လည်းပါရှိပါတယ်။

၂၀၁၉ ဒီဇင်ဘာလတုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ICJ ကြားနာစစ်ဆေးမှုအပြီး တရားရုံးရဲ့ ကြားဖြတ် ဆုံးဖြတ်ချက်ဖြစ်တဲ့ ၆ လတကြိမ် အစီရင်ခံဖို့ကိစ္စကို အာဏာသိမ်းစစ်ကောင်စီကICJ တရားရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားခဲ့ဖူးပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ICJ တရားရုံးက  ဥရောပမှာ ရှိတဲ့ မြန်မာသံရုံးတချို့ကနေတဆင့် မြန်မာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်သွယ်လုပ်ဆောင်နေတယ်လို့ လည်းသတင်းတွေ ထွက်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကိစ္စဟာ လူမျိုးရှင်းလင်းရေး အထိ ရည်ရွယ်ချက် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ကောက်ချက်ဆွဲထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013