DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်ရေးလမ်းကြောင်းသစ် စတင်အကောင်အထည်ဖော်ရေး တရုတ်-မြန်မာဆွေးနွေး
DVB
·
February 17, 2022
ကုန်သွယ်ရေးလမ်းကြောင်းသစ် စတင်အကောင်အထည်ဖော်ရေး တရုတ်-မြန်မာဆွေးနွေး
Donate to DVB

နိုင်ငံတကာမှ ကုန်ပစ္စည်းတွေကို  မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်းမှတဆင့် နယ်စပ်ကိုဖြတ်သန်းကာ တရုတ်နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်များသို့ ဆက်လက် ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေး လမ်းကြောင်းသစ်ကို စတင်အကောင်အထည် ဖော်ရေးဖို့ မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံ၊ South Asia Future Investment Group မှ ဥက္ကဋ္ဌ ဦးဆောင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်တင်ပို့မှု၊ အိမ်ခြံမြေကဏ္ဍရင်းနှီးမြုပ်နှံမှု၊ မြို့ပြအခြေခံ အဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှတဆင့် မြန်မာ့ထွက်ကုန်များရောင်းချရေးနဲ့ ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍမှာလည်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

တရုတ်-မြန်မာ စီးပွားရေးကိစ္စ ဆွေးနွေးမှုတွေရှိနေပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှာတော့ စစ်ကောင်စီဟာ သူ မျှော်လင့်ထားသလို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ့မှုနဲ့ စီးပွားရေးဆိုင်ရာ အကူအညီတွေကို ထင်သလောက်ရရှိဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စီးပွားရေးသုတေသီးတဦးက သူအမြင်ကို ပြောပါတယ်။

 “မြန်မာ့စီးပွားရေးက ဘယ်သူတွေနဲ့ အများဆုံး ဆက်ဆံနေသလဲပေါ့။ အဲ့တော့ ကြည့်လိုက်လို့ရှိရင် တရုတ်က အများဆုံးပဲ၊ ပြီးရင် ဒုတိယက အာဆီယံနိုင်ငံတွေနော်။ အဲ့တော့ စီးပွားရေးမှာ တရုတ် နဲ့ အာဆီယံကို လွှတ်လို့ မရဘူး။ ဒါပေမယ့် အခုကြည့်လိုက်လို့ရှိရင် တရုတ်က စစ်ကောင်စီ ကို လိုလိုလားလားထောက်ပံ့မယ်လို့ မတွေ့ရဘူးနော်။ ဆိုလိုတာက ၁၉၈၈ ခုနှစ် တုန်းကလိုမျိုး တရုတ်က မြန်မာစစ်တပ်ကို ကူညီမယ့် အနေအထားမျိုး မရှိဘူး။ ကျနော်သိရသလောက်ကတော့ စောင့်ကြည့် အနေအထားတော့ ရှိတယ်။ တခါ အာဆီယံနိုင်တွေကို ကြည့်မယ်ဆိုရင်လည်း မြန်မာစစ်ကောင်စီကို အခုအချိန်အထိ အစာမကြေသေးဘူးနော်။ ဒါကြောင့် အာဆီယံကလည်း သူတို့ ဘုံသဘောထားနဲ့ မြန်မာစစ်ကောင်စီကို ထောက်ခံမယ့် သဘောထားမရှိဘူး။ အဲ့တော့ စီးပွားရေး အရ မှီခိုနေရတဲ့ တရုတ် နဲ့ အာဆီယံ နိုင်ငံတွေ အားလုံးဆီက အကူအညီမရတဲ့အပြင် ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ကလည်း စစ်ကောင်စီက အဆင်မပြေဘူး။ ဆိုတော့ မြန်မာ့စီးပွားရေးက ပြန်ထူထောင်လာဖို့က တော့်တော့်ကို မလွယ်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “စစ်တပ်က အာဏာသိမ်းလိုက်တော့ အနောက်နိုင်ငံတွေက သူတို့ကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်တာပေါ့ဗျာ။ ဆိုတော့ ဒါကြီးကို ပြန်လှန်ဖို့ဆိုတာက မလွယ်ပါဘူး။ အခုချက်ချင်း ပေါ့နော်။ နောက်တခုက သူတို့နဲ့ မိတ်ဆွေဖြစ်တဲ့ နိုင်ငံတွေ တရုတ် နဲ့ ရုရှား ကို အားကိုးမယ်ဆိုတာ မျိုးလေ။ ဒါက ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လောက်နဲ့ကတော့  တိုင်းပြည်စီးပွားရေး ပြန်ထူထောင်ဖို့ နဲ့ နလန်ပြန်ထူဖို့က မလွယ်ဘူးနော်” လို့ ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၂၂ ဇန်နဝါရီ ၃၁ ရက် အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံထားရှိတဲ့ နိုင်ငံခြားငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁,၆၇၉ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013