DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေစျေး ပြန်ကျသော်လည်း မြန်မာ့ ရွှေစျေးအကျနှေး
DVB
·
February 16, 2022
ကမ္ဘာ့ရွှေစျေး ပြန်ကျသော်လည်း မြန်မာ့ ရွှေစျေးအကျနှေး
Donate to DVB

ကမ္ဘာ့ရွှေစျေးက အတက်ကြမ်းသလို အကျလည်း ကြမ်းခဲ့ပေမယ့် မြန်မာပြည်တွင်းရွှေစျေးကတော့ အတက်နှေးသလို အကျလည်း နှေးလိမ့်မယ်လို့ ရွှေစျေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်တဲ့အချက်အလက်တွေအရ ကမ္ဘာ့ရွှေစျေးက ဒီလဆန်းပိုင်း ဖေဖော်ဝါရီ ၂ ရက်မနက်က  တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၉၇ ဒေါ်လာ ရှိပြီး ပြည်တွင်း အကယ်ဒမီရွှေစျေးက တကျပ်သားကို ၁၈ သိန်း ၈ သောင်း ၁ ထောင်ကျပ် ရှိခဲ့ပါတယ်။ ရက်သတ္တပတ် ၂ ပတ်အကြာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်း (၁၂ နာရီ) မှာ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန် ဒေါ်လာ ၁၈၇၈ ဒေါ်လာ ရှိပြီး ပြည်တွင်း အကယ်ဒမီရွှေစျေးက တကျပ်သားကို ၁၉ သိန်း ၃ ထောင် ကျပ်ရှိပါတယ်။

ဒါကြောင့် ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၈၁ ဒေါ်လာအထိ အတက်ကြမ်းခဲ့ပြီး ပြည်တွင်းအကယ်ဒမီရွှေစျေးက တကျပ်သားကို ၂ သောင်း ၂ ထောင် ကျပ်သာ တက်ခဲ့လို့ အတက်နှေးခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်၂ နာရီခွဲမှာ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၅၄ ဒေါ်လာအထိ ပြန်ဆင်းလာပြီး ပြည်တွင်းအကယ်ဒမီရွှေစျေးကလည်း တကျပ်သားကို ၁၈ သိန်း ၈ သောင်း ၉ ထောင် ၅ ရာ ကျပ် ရှိပါတယ်။ ဒါကြောင့် ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းအကယ်ဒမီရွှေစျေးက တကျပ်သားကို ကျပ် ၁ သောင်း ၃ ထောင် ၅ ရာကျပ် ပြန်ကျပါတယ်။

ကမ္ဘာ့ရွှေစျေးနှုန်း အခုလို အတက်အကျ မြန်ဆန်မှုက ပြည်တွင်းရွှေစျေးနှုန်းအပေါ် သက်ရောက်မှု ရှိ မရှိ ဆိုတာနဲ့ ပတ်သတ်ပြီး ရွှေစျေးကွက်ကျွမ်းကျင်သူတဦးက “အဲ့တော့ ဘာပဲပြောပြောလေ ကမ္ဘာ့ရွှေစျေး ကျသွားတဲ့အတိုင်း ဒီမှာလည်း ကျသွားတာပေါ့။ အဓိကကတော့ ယူကရိန်းနဲ့ ရုရှား ကိစ္စပဲလေ။ သူတို့ အားပြိုင်မှုအပေါ် မူတည်ပြီးတော့ ကမ္ဘာ့ရွှေစျေးတွေ ရေနံစျေးတွေ တက်သွားခဲ့တယ်နော်။ ဆိုတော့ ကမ္ဘာ့ရွှေစျေးတက်တဲ့အပေါ် မူတည်ပြီးတော့ မြန်မာ့ရွှေစျေးက လိုက်တက်တာပေါ့။ ဒါတောင်မျှ သူတို့ (ratio) အချိုးအတိုင်း ဒီက လိုက်မတက်ပါဘူး။ မြန်မာ့ရွှေစျေးက နောက်ကနေ ဖြည်းဖြည်းလိုက်ခဲ့တာ။ ၁၈ သိန်း ၇ သောင်း နဲ့ ၈သောင်း ကြားကနေ ၁၉ သိန်း ၈ ထောင် အထိဖြစ်သွားတဲ့ စျေးတန်းမှာဆိုရင် မြန်မာ့ရွှေစျေးတက်သွားခဲ့တာက ၃ သောင်းခွဲနဲ့ ၄ သောင်းကြား တက်သွားခဲ့တယ်နော်။ ကမ္ဘာ့ရွှေစျေးတက်သွားခဲ့တဲ့ စျေးက ဒေါ်လာ ၁၈၀၀ အောက်ကနေ ၁၈၈၀ နားအထိ ဖြစ်သွားခဲ့တာလေ။ ဆိုတော့ ကမ္ဘာ့ရွှေစျေးတက်တဲ့နှုန်းက အင်မတန်များပါတယ်။ ကျနော်တို့ မြန်မာ့ရွှေစျေးက ထိန်းထိန်းသိမ်းသိမ်း တက်သွားခဲ့တာပါ။ ထိန်းထိန်းသိမ်းသိမ်း တက်သွားတဲ့အတွက်ကြောင့် သူက ဝုန်းဒိုင်းကြီးတော့ မကျဘူး။ ထိန်းထိန်းသိမ်းသိမ်းပဲ ပြန်ကျပါ လိမ့်မယ်။ အတက်ကြမ်းရင် အကျလည်းကြမ်းပါတယ်။ ဒါကြောင့် အတက်နှေးရင် အကျလည်းနှေးပါလိမ့်မယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

စျေးကွက်အတွင်း လက်ရှိ အရောင်းအဝယ်အခြေအနေနဲ့ပတ်သက်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း “စျေးတက်သွားတုန်းကဆိုရင် အဝယ်တွေက ထင်သလောက် မလိုက်ဘူးနော်။ ထင်သလောက်မလိုက်လို့ ရွှေစျေးက ငြိမ်ငြိမ်နဲ့ပဲ တက်သွားတာပေါ့။ လိုသူဝယ် လိုသူရောင်းနဲ့ပဲ လိုသလောက်ပဲ တက်သွားတာပေါ့။ ပြီးတော့ ပြည်တွင်းရွှေစျေးက အခုလို ကမ္ဘာ့ရွှေစျေး ကျသွားတဲ့နှုန်းအတိုင်း ဝုန်းဒိုင်းကြီး မကျဘူး။ ဘာလို့မကျလဲဆို အဲ့ဒါက ဝယ်လိုအား၊ ရောင်းလိုအား မျှနေတဲ့ သဘောပါ။ အဝယ်က ဝုန်းဒိုင်းဆိုရင် စျေးက တအားထောင်တက်သွားတယ်။ အခုကတော့ အဝယ်ရော၊ အရောင်းရော မျှနေတယ်။ မျှနေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားတယ်။ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားတဲ့အတွက် စျေးနှုန်းက အကျလည်း မကြမ်းသလို အတက်လည်း မကြမ်းသလို ဖြစ်နေတာပါ” လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013