DVB Logo
Home
မြန်မာသတင်း
မြိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ၃ ဦးအပါအဝင် ၁၂ ဦး အဖမ်းခံရ၊ အဆောက်အအုံအချို့ ချိပ်ပိတ်ခံရ
DVB
·
February 16, 2022
မြိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ၃ ဦးအပါအဝင် ၁၂ ဦး အဖမ်းခံရ၊ အဆောက်အအုံအချို့ ချိပ်ပိတ်ခံရ
1 / 4
Donate to DVB

မကွေးတိုင်း မြိုင်မြို့မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ယောက်အပါဝင် ပြည်သူ ၁၂ ယောက်ကို ဖမ်းဆီးသွားပြီး အဆောက်အအုံတချို့ ချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့မှာ မနေ့က နေလယ်ပိုင်းကစလို့ အမှတ်(၁)၊ (၂)၊ (၃) ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ယောက်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ဆက်စပ်သူ ၁၂ ယောက်အဖမ်းခံခဲ့ရတယ်လို့ ဆွေမျိုးတော်စပ်သူ တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့လောက်ကစလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် NLD ပါတီနဲ့ ဆက်စပ်သူတချို့ကို လိုက်လံဖမ်းဆီးပြီး နေအိမ်တွေကို ချိပ်ပိတ်နေတာလို့ ဆိုပါတယ်။

အမှတ် (၂) ရပ်ကွက်မှာ မနေ့ ည ၈ နာရီကျော်လောက်က NLD ပါတီနဲ့ဆက်စပ်လို့ဆိုပြီး အဖမ်းခံရတဲ့ သူတွေကတော့ ဦးဝေဖြိုး၊ မချောစု၊ မောင်ပြည့်ဖြိုးသော်၊ မယဥ်အေး၊ ဦးကျော်သက်၊ ဦးကုလား၊ ဦးရဲမျိုးမြတ်၊ ကိုဇော်ထိုက်နဲ့ ကိုကျော်ဇေယျတို့ကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတာလို့ ပြောပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမှတ် ၂ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်လွင်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနဲ့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို စစ်ကောင်စီက စစ်ဆေးစရာရှိလို့ဆိုပြီး မနေ့က ရဲစခန်းကို ခေါ်သွားပြီး ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးစတုန်းက CDM ထောက်ပံ့တဲ့ပုံတွေ့လို့ဆိုပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အမှတ် (၂)၊ (၃) အုပ်ချုပ်ရေးမှူးဟောင်းတွေရဲ့ သားသမီးတွေဖြစ်တဲ့ အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူ ထက်နေခြည်နဲ့ တက္ကသိုလ် တတိယနှစ်ကျောင်းသူ ဖြိုးသီရိဇော်၊ တတိယနှစ်ကျောင်းသူ မစုဝေဝေလွင်နဲ့ ကိုကောင်းဆက်သာတိုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

“အသက်မပြည့်တဲ့ ၈ တန်းကလေးကို ဖမ်းတုန်းက အိမ်ကလူတွေက အသက်မပြည့်သေးဘူးလို့ ပြောတော့ စစ်ကောင်စီတပ်တွေက လျှာမရှည်နဲ့လို့ပြောပြီး သေနတ်တွေနဲ့ ချိန်တယ်၊ နောက်ပြီး ထဘီခေါက်ထဲမှာထားတဲ့ ပိုက်ဆံ ၂ သိန်းကျပ်နဲ့ စျေးရောင်းထားတဲ့ ပိုက်ဆံတွေကိုပါ အကုန်ယူသွားကြတယ်” လို့ ဆွေမျိုးနီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ထမင်းထုပ်ဝေတယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၁၂ ရက်ကနေ ဒီနေ့အထိ ဦးသန်းဦးရဲ့ ကုန်စုံဆိုင်၊ ဦးကျော်မြင့်သန်းရဲ့ ထူးစံကားပစ္စည်း ရောင်းဝယ်ရေး၊ ဦးတင့်ဆွေ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ ဦးအောင် အထည်ဆိုင်နဲ့ သပိတ်ခေါင်းဆောင်လို့ ယူဆတဲ့ ကျောင်းဆရာ ဦးအေးမင်းဝင်းတို့ရဲ့ နေအိမ်အဆောက်အအုံတွေကို စစ်ကောင်စီတပ်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့ အ.ထ.က ၂ ကျောင်းထဲမှာ နေပြည်တော် အထူးတပ်ဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်သား အယောက် ၃၀ လောက်တပ်စွဲထားကာ အညတရစစ်သားဆိုတဲ့ တယ်လီဂရမ်အကောင့်ကနေ ပြီးခဲ့တဲ့တစ်နှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေတင်ပြီး ဖမ်းဆီးဖို့ တိုင်ကြားနေတာကြောင့် NLD ပါတီနဲ့ ဆက်စပ်တဲ့သူတွေကို ဆက်တိုက်ဖမ်းဆီးနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013